မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် မြန်မာ့မြင်းစီးဝါသနာရှင်များအသင်းနှင့် Nature's Life Equestrian & Country Club တို့၏ အပတ်စဉ်မြင်းစီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၁ဝ နာရီခွဲက ပုသိမ်ကြီးမြို့ နယ် ရေထွက်ကျေးရွာရှိNature's Life မြင်းစီးအသင်းနှင့် မိသားစု အပန်းဖြေ စခန်းတွင် ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇော၊ မြန်မာနိုင်ငံမြင်းစီး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦးတို့က မြင်းစီးပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးက အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြိုင်ပွဲအမျိုးအစား၊ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပအိုင်း၊ ဓနု၊ ရှမ်း၊ အင်းသားတို့၏ မြင်းစီး အကအလှများဖြင့် သရုပ်ပြ ဖျော်ဖြေသည်။

ယင်းနောက် မြန်မာ့ရိုးရာ အသားကျ၊ ဒုန်း ပြိုင်ပွဲများဖြင့် ဖျော်ဖြေသည်။ ဆက်လက်ပြီး ပအိုင်းရိုးရာ ခေါပုတ်ထောင်းပွဲကို ကျင်းပပြီး တက်ရောက်လာကြ သူများအား ရိုးရာအစားအစာ ခေါပုတ်ထောင်းဖြင့် ကျွေးမွေးဧည့်ခံသည်။ အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းဦး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝေဇင်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ စိတ်ပါဝင်စားသူများတက်ရောက်ခဲ့ကြသည်။

မြန်မာ့မြင်းစီးအားကစားကို နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန်၊ မြင်းမျိုးကောင်း မျိုးသန့်ပြီး အရည်အချင်းမီမြင်းများထွက်ပေါ်လာစေရန်၊ ပြည်သူ လူထုတစ်ရပ် လုံး မြင်းစီးအားကစားကို စိတ်ဝင်စား၍ ချစ်မြတ်နိုးတန်ဖိုး ထားတတ်စေရန်၊ နိုင်ငံ တကာ အဆင့်မီ မြင်းစီးအားကစား သမားကောင်းများ ပေါ်ထွက်လာစေ ရန်နှင့် မြင်းပိုင်ရှင်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အကျိုးအမြတ် ခံစားနိုင်စေရန်ရည်ရွယ်လျက် ကျင်းပခြင်းဖြစ်ကာ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် မြန်မာ့မြင်းစီးဝါသနာရှင်များအသင်းနှင့်Nature's Life Equestrian & Country Club နှင့်Royal Bird's Nest တို့မှ အကောင် အထည်ဖော်၍ ပထမအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို ဒီဇင်ဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပပြီး အပတ်စဉ်မြင်းစီးပြိုင်ပွဲ များကိုလည်း စနေ၊ တနင်္ဂနွေနေ့တိုင်း ၂ဝ၁၇ ခုနှစ် မတ်လအထိ ဆက်လက်ပြု လုပ်သွားမည် ဖြစ်ရာ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍ ပြိုင်ပွဲအမျိုး အစားအလိုက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေ(ဆင်တဲဝ)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။