ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီခွဲ ကမ်းနားလမ်း ညစျေးဖွင့်လှစ်ချိန် ကမ်းနားလမ်းမဟောင်းအတိုင်း အနောက်မှ အရှေ့သို့မောင်းနှင်လာသော ခရီးသည်ယာဉ်လိုင်း ကားကြီး တစ်စီးသည် (၅)လမ်းနှင့် (၆) လမ်းကြား မိလ္လာသန့်စင်စက်ခန်းရုံအနီး လမ်းလယ်ရှိ မျဉ်းသေမျဉ်းဖြူကိုဖြတ်၍ ဂငယ်ကွေ့နေသည်ကို မြင်တွေ့ရသည်ဟု ယင်းအနီးတိုက်ခန်းနေသူ တစ်ဦးက ဆိုသည်။ ညစျေးတန်းဖွင့်ချိန် ရက်အနည်းငယ်သာရှိချိန်တွင် ယင်းစျေးတန်းဖွင့်လှစ်သည့် ကမ်းနားလမ်းဟောင်းပေါ် ယာဉ်များစည်းကမ်းရှိစွာ မောင်းနှင်ရမည့်အစား စည်းကမ်းမဲ့ ဂငယ်ကွေ့မျဉ်းသေ ဖြတ်ခြင်းများကို ကမ်းနားလမ်းညစျေး တန်းတစ်လျှောက်၊ အထူးသဖြင့် ဝါးတန်းမှတ်တိုင်နှင့် လမ်းသစ်လမ်းမှတ်တိုင်ဝန်းကျင်တို့တွင် မြင်တွေ့နေရသည်။

ထို့အတူ ဒီဇင်ဘာ ၂ ရက် နံနက် ရ နာရီခွဲတွင် အနော်ရထာလမ်းနှင့် ဘုန်းကြီးလမ်းဆုံ မီးပွိုင့်ကွေ့အနီး လိုင်းကားယာဉ်လေးစီး ရထားတွဲပမာ ခရီးသည်စောင့်ဆိုင်းတင်နေသည်ကို မြင်တွေ့ရသည်။ ကျုံးကြီးမြောင်း အလွန်ရှိ မှတ်တိုင်မျဉ်းဝါကွက်သို့ ရောက်ရှိအောင်မသွားဘဲ ခရီးသည် စောင့်ဆိုင်းရပ်တင်နေမှုများကြောင့် အနော်ရထာလမ်းအတိုင်း အရှေ့မှ အနောက်သို့ သွားမည့်ယာဉ်များ အခက်အခဲဖြင့် ကြုံတွေ့နေရမှုရှိသည်ဟု ယာဉ်မောင်းဦးတင့်ဝေကပြောသည်။

(မောင်စေအောင်)

Ref., MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။