မူဆယ်မြို့နယ် မုံးကိုးရဲစခန်းဝင်းနှင့် အထက ကျောင်းဝင်းအတွင်းမှ ရဲတပ်ဖွဲ့ ဝင်များ၏ ရုပ်အလောင်းများ တွေ့ရှိ

ယမန်နေ့က တပ်မတော်စစ်ကြောင်းများ၌ နယ်မြေရှင်းလင်းရေးဆောင်ရွက် စဉ် မုံးကိုးတိုက်ပွဲ အတွင်း ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ တိုက်ပွဲဖြစ်စဉ်များအတွင်း ဒီဇင်ဘာ ၂ ရက်နေ့၌ မုံးကိုးနယ်မြေ ရဲစခန်းအား KIA/ TNLA/ MNDAA ပူးပေါင်းလက်နက်ကိုင်အဖွဲ့များမှ သာလွန်သော အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၁၆ ဦး အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံး ခဲ့ရသည်။

တပ်မတော် စစ်ကြောင်းများမှ ဒီဇင်ဘာ (၄) ရက်နေ့တွင် မူဆယ်မြို့နယ် မုံးကိုးဒေသအတွင်း နယ်မြေရှင်းလင်းစဉ် မုံးကိုုးမြို့၊ ရပ်ကွက် ၅ အတွင်း ရဲတပ််ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီး တစ်ဖက်နိုင်ငံအတွင်း ရောက်ရှိသွားသည့် ရဲတပ်ဖွဲ့ဝင် (၁) ဦးနှင့် အဆက်အသွယ် ပြန်လည်ရရှိခဲ့သည်။

ဆက်လက်၍ ဒီဇင်ဘာ ၅ ရက် နံနက် ၇ နာရီမှစတင်၍ တပ်မတော်စစ်ကြောင်းများမှ မုံးကိုးဒေသအတွင်း နယ်မြေရှင်းလင်းရာ ရဲစခန်းနှင့် မလှမ်းမကမ်းရှိ စာသင်ကျောင်းအတွင်း အုတ်ရေကန်အနီး၌ ရဲတပ်ဖွဲ့ဝင် (၂) ဦး၏ ရုပ်အလောင်းအား လည်းကောင်း၊ စာသင်ကျောင်းနှင့် ရဲစခန်းအကြား လယ်ကွင်းပြင်တွင် ရဲတပ်ဖွဲ့ဝင် (၅) ဦး၏ ရုပ်အလောင်း အားလည်းကောင်း စုစုပေါင်း ရုပ်အလောင်း (၇) လောင်းအား တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် (၂) ဦးအား မုံးကိုးရဲစခန်းအတွင်း ပြန်လည်တွေ့ရှိခဲ့သည်။

ဒီဇင်ဘာ (၆) ရက်တွင် မုံးကိုးစာသင်ကျောင်းအတွင်းမှ ရဲတပ်ဖွဲ့တစ်ဦးအား ထပ်မံတွေ့ရှိခဲ့သဖြင့် ပျောက်ဆုံးနေသော ရဲတပ်ဖွဲ့ဝင်ဦးရေ ၁၆ ဦး ရှိသည့်အနက် အသက် ရှင်လျက် ပြန်တွေ့သူ ၄ ဦး၊ ကျဆုံး ၉ ဦးနှင့် ပျောက်ဆုံးဆဲ ၃ ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

၎င်းအပြင် မုံးကိုးရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ ကျန်းမာရေးကောင်းမွန်ခြင်းမရှိ၍ ရှောင်တိမ်းနိုင်ခြင်းမရှိသည့်ဇနီးနှင့် အခြားအပြစ်မဲ့ အရပ်သား (အမျိုးသား) ၁ ဦးတို့ပါ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

(နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။