သူ့နာမည်က ဗစ်တာလက်စဂ်တဲ့။ “အီဖယ်မျှော်စင်ကို နှစ်ကြိမ်တိတိ ရောင်းစားခဲ့သူ” အဖြစ် နာမည်ကြီးပါတယ်။ ၁၈၉၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ဗစ်တာလက်စ်ဂ်ဟာ ဘိုဟေးမီးယားမှာ မွေးဖွားခဲ့ပါတယ်။ နာမည်အရင်းက ရောဘတ် ဗီ မိုင်လာ။ သူ့မိဘတွေက လူလတ်တန်းစားတွေပါ။ သူ့အဖေဟာ ချက်ကိုစလိုဗက်ကီးယားက မြို့တော်ဝန်တစ်ယောက်ပါ။ ပါရီမှာ ကျောင်းထားတာ ကျောင်းမတက်ဘဲ လောင်းကစားအလုပ်တွေ လုပ်လို့ ကျောင်းထွက်ခဲ့ရပါတယ်။ သူ့အသက် ၁၉ နှစ်အရွယ်မှာ သူများချစ်သူကို ငမ်းတာ များသွားလို့ တစ်ဘက်ရည်းစား ကောင်လေးက သူ့ကို ဓားနဲ့ထိုးလိုက်တာ ဘယ်ဘက်မျက်လုံးကနေ ဘယ်ဘက်နားသန်သီးအထိ အမာရွတ်ကြီး ထင်သွားတယ်။ အဲဒီအမာရွတ်က သေရာပါ ဖြစ်သွားတော့တယ်။ ဗစ်တာဟာ အာဝဇန်း အရမ်းကောင်းသလို ဘာသာစကား အတော်များများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်တဲ့။ သိရသလောက် ဗစ်တာဟာ ဘာသာစကား ၅ မျိုး ကျွမ်းကျင်တယ်။ ချက်၊ ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်နဲ့ အီတလီ ဘာသာစကားတွေကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။ ဗစ်တာ့မှာ နာမည်တု ၂၅ ခု ရှိပါတယ်။ တစ်ချို့ပြောတာကျတော့လည်း ၂၂ ခုတဲ့။ အမေရိကန်နိုင်ငံ တစ်ခုတည်းနဲ့တင် အမှုပေါင်း ၅၀ နဲ့ ဖမ်းဆီးထောင်ချဖို့ အလိုရှိနေတဲ့ တရားခံလည်း ဖြစ်ပါတယ်။

ဗစ်တာဟာ ဘိလိယက်ထိုးတဲ့နေရာ၊ ပိုကာရိုက်တဲ့နေရာတွေမှာ အရမ်းကျွမ်းကျင်တယ်။ ဒီလို လောင်းကစားမှာ ထူးချွန်တဲ့ ဗစ်တာဟာ ပင်လယ်ပြင်ကို ထွက်ခဲ့တော့တယ်။ အဲဒီတုန်းက အတ္တလန္တိတ်ကို ဖြတ်နေတဲ့ သင်္ဘောတွေမှာ သူဌေးတွေ ပါတယ်။ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ဘဲ အများအပြားကို ပါတာမျိုးပါ။ ဒီတော့ သူဌေးတွေ ရှိတဲ့အရပ်မှာ ငါးမျှားချိတ် ချိတ်ရတာကို သိပ်ပြီး ဖင့်နွှဲနေစရာ မရှိတော့ဘူးပေါ့။ ဒီလိုနဲ့ သူဟာ ပုံစံမျိုးစုံနဲ့ လိမ်စားပါတော့တယ်။ တစ်ခါတလေ ဘဏ်သူဌေးလို၊ တစ်ခါတလေ မြို့စားလို၊ သူကောင်းပြုခံထားရတဲ့သူလို စသဖြင့် မျိုးစုံ လိမ်စားခဲ့တယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်ကြီး ပြီးတဲ့အချိန်မှာတော့ သင်္ဘောပေါ်မှာ လိမ်စားရတဲ့ဂွင်ဟာ ခမ်းလာတော့တယ်။ အဲဒါနဲ့ အမေရိကားကို သွားဖို့ လုပ်တော့တယ်။ အဲဒီအချိန် အမေရိကားဟာ ပြည်ဝင်ခွင့်ကို ကန့်သတ်ထားတာ အပြင်းထန်ဆုံးပါ။ ဒါပေမဲ့ ဗစ်တာဟာ ရအောင် ဝင်နိုင်ခဲ့ပါတယ်။ သူ့ဘဝမှာ အပြောင်မြောက်ဆုံး လိမ်လည်တဲ့အမှု (၄) မှုရှိပါတယ်။ တစ်ခုက ဘဏ်ကို လိမ်တာ၊ နောက်တစ်ခုက ဘဏ်သူဌေးကို လိမ်တာ၊ တတိယတစ်ခုက ငွေထုတ်စက် အတုလုပ်ပြီး လိမ်တာ၊ နောက်ဆုံးတစ်ခုကတော့ အီဖယ်မျှော်စင်ကို လိမ်ရောင်းတာပါပဲ။ သူဘယ်လို လိမ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီး စာရှည်မှာစိုးလို့ ထင်ရှားတဲ့ အမှုတွေ အကြောင်းကိုပဲ ကောက်နှုတ် ဖော်ပြလိုက်ရပါတယ်။

အီဖယ်မျှော်စင်ကို ရောင်းစားခဲ့ပုံ

၁၉၂၅ခုနှစ် မေလ မှာ ဗစ်တာဟာ သူ့လို စရိုက်တူ အရည်အသွေးတူ လူလိမ်တစ်ယောက်နဲ့ အတူတူ ပါရီမြို့ကို အလည်အပတ် ထွက်ခဲ့ပါတယ်။ ပါရီမြို့မှာ နေနေတုန်း ပါရီသတင်းစာ တစ်စောင်မှာ ထူးဆန်းတဲ့ ဆောင်းပါးတစ်ပုဒ် ပါလာပါတယ်။ အဲဒီဆောင်းပါးကတော့ ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အီဖယ်မျှော်စင်ကြီးဟာ နှစ်ပေါင်းသုံးဆယ် ကျော်လာလို့ အိုမင်းရင့်ရော်ပြီး ဆွေးမြည့်လာကြောင်း ရေးသားထားပါတယ်။ ပါရီမြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်တဲ့ အီဖယ်မျှော်စင်ကြီးကို ပြုပြင်ဖို့ စစ်ဆေးကြည့်တဲ့အခါမှာ ကုန်ကျစရိတ် များစွာ မြင့်မားမှာ ဖြစ်ကြောင်း၊ ပြင်သစ် အစိုးရအနေနဲ့ ပြင်ဆင် ထိန်းသိမ်းတာထက်စာရင် တစစီ ဖြိုချတာကမှ ဈေးသက်သာမယ်လို့ ယူဆနေကြောင်းလည်း ရေးသားထားပါတယ်။

တခြားလူတွေ ဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ပြီး ကျော်သွားကြပါလိမ့်မယ်။ ဒါပေမဲ့ ဗစ်တာကတော့ ကမ္ဘာကျော်အောင် လိမ်ညာစား နေခဲ့သူမို့ ဒါဟာ `ခါချဉ်´ ပဲ ဆိုပြီး တွက်မိပါတယ်။ ခါချဉ် (Ka-ching) ဆိုတာ တစ်ယောက်ယောက်က ငွေအမြောက်အများ ရတော့မှာမို့ ရေရွတ်တဲ့ အာမေဋိတ် စကားလုံး ဖြစ်ပါတယ်။ အမြဲတမ်း သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားနေထိုင်တတ်ပြီး စကားပြောလည်း ကောင်းသလို ဘာသာစကားလည်း ၅ ဘာသာ ကျွမ်းကျင်တဲ့ ဗစ်တာဟာ လိမ်စားခဲ့တာ ကြာပြီမို့ အီဖယ်မျှော်စင် စီမံကိန်းကို အောက်ပါအတိုင်း အကွက်ကျကျနဲ့ လှလှလေး ကစားပါတော့တယ်။

ပထမဆုံး ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ အပြည့်ပါတဲ့ ဇိမ်ခံသင်္ဘောတွေကို သွားပြီး သူ့ရဲ့ သားကောင်ကို ရှာပါတယ်။ ဒီလို သားကောင် ရှာတဲ့အခါကျရင် ဗစ်တာအများဆုံး သုံးလေ့ရှိတဲ့ အကွက်က သူ့ကိုယ်သူ နာမည်ကျော် ဘရော့ဒ်ဝေးက ပရိုဂျူဆာ တစ်ယောက်ပုံစံ အသွင်ယူပြီး လှုပ်ရှားပါတယ်။ ပြီးတော့ ချမ်းသာကြွယ်ဝတဲ့ သူတွေကို လိုက်ကြည့်ပြီး သူတို့ရဲ့ တိတ်တခိုးဆန္ဒတွေကို စူးစမ်းလေ့လာပါတယ်။ ဗစ်တာဟာ အကွက်ကျကျပဲ လိမ်လေ့ရှိပါတယ်။ ဘယ်တော့မှ မစူးစမ်း မလေ့လာဘဲနဲ့ မလိမ်ပါဘူး။ အရင်ဆုံး မလိမ်ခင် အမြဲတမ်း စူးစမ်းတယ်။ သုတေသနပြုတယ်။ သေသေချာချာ ပြင်ဆင်ပါတယ်။

အီဖယ်မျှော်စင်ကို ရောင်းစားဖို့ အရင်ဆုံး စလုပ်တာက ပါရီမှာ လက်မှတ်တု၊ စာရွက်စာတမ်း အတုတွေ လုပ်တာပါပဲ။ သူ့ကိုယ်သူ အစိုးရဘက်က အရာရှိကြီးတစ်ယောက်အဖြစ် စာရွက်စာတမ်း အတုတွေ လုပ်ပါတယ်။ သူ့ရာထူးကို Deputy Director General of the Minstere de Postes et Telegraphes(Post & Telegraph – စာတိုက်နဲ့ကြေးနန်း) လို့ ပေးထားပါတယ်။ ပြီးတာနဲ့ ပါရီမြို့ထဲက နာမည်ကြီး ထိပ်သီး သံကုန်သည် သူဌေးငါးယောက်ဆီကို စာပို့လိုက်ပါတယ်။ (တချို့ သတင်းရင်းမြစ်တွေကတော့ ခြောက်ယောက်လို့ ဆိုပါတယ်)

ပို့လိုက်တဲ့ စာထဲမှာ အချက်အလက် တိတိကျကျ ရေးမထားပါဘူး။ ဒါပေမယ့် အစိုးရ ရုံးသုံးပုံစံမျိုး ရေးထားပါတယ်။ သူ့ကို အရေးတကြီး ကိစ္စတစ်ခုအတွက် အမြန်လာတွေ့ဖို့ နာမည်ကြီး ဟိုတယ်တစ်ခုဖြစ်တဲ့ Hotel de Crillon ကို ဖိတ်လိုက်ပါတယ်။ စီးပွားရေး အလုပ်ကိစ္စတစ်ခု ဆွေးနွေးဖို့ဆိုပြီး ဖိတ်လိုက်တာပါ။

ဟိုတယ်မှာ သံကုန်သည်သူဌေးငါးယောက်ကို ရှယ်ဧည့်ခံပြီး ညစာကျွေးတယ်။ အကောင်းစားဝိုင်တွေ တိုက်ပါတယ်။ တအောင့်နေတော့ စပြီး ချောဆီထည့်တော့တာပါပဲ။ အရင်ဆုံး သူ့ရာထူးကို ထည့်ပြောပြီး အခုလို ဖိတ်ကြားထားတဲ့ လူတွေဟာ ကန့်သတ် ရွေးချယ်ထားတာဖြစ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဟာ ရိုးသားဖြောင့်မတ်တဲ့ စီးပွားရေးသမားတွေလို့ ယုံကြည်ရလို့ ဖိတ်ကြားရခြင်း ဖြစ်ကြောင်း ပြောဆိုပြီး အစိုးရအနေနဲ့ အီဖယ်မျှော်စင်ကို ဖြိုချဖို့ ဆုံးဖြတ်လိုက်ပြီမို့ ဖြိုချတဲ့အခါ သတ္တုပေါင်း တန် ၇၀၀၀ ရရှိလာမည်ဖြစ်ပြီး အမြင့်ဆုံး လေလံဆွဲနိုင်သူသာ ဒီတင်ဒါကို ရရှိမည်ဖြစ်ကြောင်း ပြောပါတယ်။

သူပြောတဲ့ စကားထဲမှာ ထိပ်သီး သံကုန်သည်သူဌေး ငါးယောက်ကို မျှားတဲ့ နောက်ထပ် ငါးစာတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ အီဖယ်မျှော်စင်ဟာ ၁၈၈၉ ခုနှစ်က ကမ္ဘာ့ကုန်စည်ပြပွဲ (မေလ ၆ ရက်နေ့ကနေပြီး အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကျင်းပခဲ့တဲ့ Exposition Universelle) မှာ ဝင်ပေါက်အမိုး တစ်ခုအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ရေရှည် ထားရှိဖို့ မရည်ရွယ်ခဲ့ဘဲ ၁၉၀၉ ခုနှစ်မှာ ဖြိုချပြီး တခြား တစ်နေရာကို ပို့ဖို့ရည်ရွယ်ခဲ့ကြောင်းလည်း ပါပါသေးတယ်။

ပါရီမြို့ထဲက အထင်ကရ အဆောက်အဦတွေဖြစ်တဲ့ Gothic cathedrals နဲ့ Arc de Trimphe တို့ရဲ့ ပုံရိပ်ကို ထိခိုက်စေကြောင်း ပြောပြီး အလက်ဇန်းဒါး ဒူးမက်စ်ရဲ့ စကားကိုတောင် ကိုးကား ပြောဆိုလိုက်ပါသေးတယ်။ အလက်ဇန်းဒါး ဒူးမက်စ်ဟာ အီဖယ်မျှော်စင်ကို တစ်ချိန်တုန်းက ဒီလို ပြောခဲ့ဖူးပါတယ်။

`မနှစ်မြို့စရာ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု´။

အလက်ဇန်းဒါးဒူးမက်စ်ရဲ့ စကားတစ်ခုတည်းနဲ့ အားမရဘဲ စာရေးဆရာ Guy de Manupassant ရဲ့ စကားကိုပါ ကိုးကားလိုက်ပါသေးတယ်။

“တကယ်လို့ ကျွန်တော်တို့ဟာ ဒီကလန်ကလားနဲ့ ထိုးထိုးထောင်ထောင်နိုင်လှတဲ့ ပိရမစ်ကြီးကို မဖြိုချဘူးဆိုရင် ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်သစ်တွေဟာ ကျွန်တော်တို့ကို ဘယ်လိုမြင်ကြမလဲ”

-ဆိုပြီး ဆွယ်တရားကို ပါးပါးလေး ထည့်ပါတော့တယ်။ ပြောတဲ့အချိန်မှာလည်း ရင်ထဲကနေ လာတဲ့ စကားတွေ ပြောတဲ့ပုံစံနဲ့ ပြောတာ ဖြစ်ပြီး နားထောင်တဲ့သူ အသည်းမခိုင်ရင် မျက်ရည်ပါ ကြွေရမတတ် ပြောတာပါ။ နောက်ဆုံး အဆုံးသတ်ကိုတော့ ဒီလောက် မြင့်မားလှတဲ့ မျှော်စင်ကြီးကို ထိန်းသိမ်းရတဲ့ ကုန်ကျစရိတ်ဟာ အရမ်းကို များပြားလှကြောင်း ပြောပြီး အစိုးရအနေနဲ့ ဖြိုချဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ကြောင်း၊ သို့ငြား ပြည်သူကြား အငြင်းပွားစရာတွေ ဖြစ်လာမှာ စိုးရသည့်အတွက် အလျင်စလို တိတ်တဆိတ် လှုပ်ရှားရခြင်းသာ ဖြစ်ကြောင်း ပြောပြီး နိဂုံးချုပ်လိုက်ပါတော့တယ်။

အဲဒီလိုပြောပြီး နောက်ရက်မှာ ဗစ်တာဟာ သူဌေးငါးယောက်ကို ဇိမ်ခံကားကြီး(ငှားထားတဲ့)နဲ့ အီဖယ်မျှော်စင်ကို လှည့်ပတ်ကြည့်ရှုစေပါတယ်။ အမှန်က အဲဒီလို ကြည့်တဲ့အချိန် ဘယ်သူက လောဘအတက်ဆုံး၊ လိမ်လို့ အကောင်းဆုံးသူ ဖြစ်မလဲဆိုတာ လေ့လာတာပါ။ ကံဆိုးသူ သားကောင်ကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ လှည့်ပတ်ကြည့်ရှုပြီးတော့ ဗစ်တာက သူဌေးငါးဦးကို မနက်ဖြန်ကျရင် လေလံဆွဲဖို့ ပြောလိုက်ပါတယ်။ ဒီကိစ္စဟာ နိုင်ငံတော် လျှို့ဝှက်ချက်မို့ မပေါက်ကြားစေဖို့လည်း သတိပေးလိုက်ပါသေးတယ်။

နောက်ထပ် ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ပါရီမြို့တော်က ထိပ်သီး သံကုန်သည် သူဌေးငါးဦးစလုံးဟာ ဗစ်တာ ပြောတဲ့အတိုင်း လေလံဆွဲလိုက်ကြပါတော့တယ်။ ဒါပေမဲ့ ဗစ်တာက ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ကနဦးတည်းက စဉ်းစား ဆုံးဖြတ်ပြီးသားပါ။ အဲဒီသားကောင်ကတော့ Andre Poisoon ပါပဲ။

ဗစ်တာဟာ အန်ဒရီးကို အီဖယ် တာဝါမျှော်စင်ကို ဖြိုချဖို့ လေလံအောင်ခဲ့ကြောင်း အကြောင်းကြားလိုက်ပါတယ်။

ဒါပေမယ့် ဗစ်တာရဲ့ အီဖယ်မျှော်စင်ကို ရောင်းတဲ့အကွက်မှာ နောက်ထပ် ပြဿနာလေးတွေ ရှိနေပါတယ်။ အဲဒါကတော့ သူရွေးလိုက်တဲ့ သူဌေး အန်ဒရီးရဲ့ မိန်းမက ဉာဏ်ရှိတယ်။ ဘာလို့ အဲဒီလောက် လျှို့ဝှက်နေရတာလဲ။ ဘာလို့ အဲဒီလောက် ကတိုက်ကရိုက် ဖြစ်လောက်အောင် မြန်ဆန်နေရတာလဲ။ ဗစ်တာဟာ ဘယ်လို အရာရှိမျိုးလဲ စသဖြင့် သူ့ယောက်ျားကို မေးတော့ သူ့ယောက်ျားဟာ တွန့်ဆုတ်နေခဲ့ပါတယ်။

အဲဒီမှာတင် ဗစ်တာဟာ နောက်ထပ် တစ်ကွက်ကို ထုတ်သုံးရပါတော့တယ်။ အဲဒါကို တစ်နည်းအားဖြင့် အဆစ် ချောဆီထည့်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဗစ်တာဟာ အန်ဒရီးကို သီးသန့်ခေါ်တွေ့ပြီး သူ့လို ပြည်သူ့ဝန်ထမ်း တစ်ယောက်အနေနဲ့ အဝတ်အစား ကောင်းကောင်းနဲ့ ဖောဖောသီသီ သုံးဖြုန်းသင့်ပေမယ့် ရတဲ့လစာက နှစ်ပဲတစ်ပြား ဖြစ်နေကြောင်း ညည်းပြပါတော့တယ်။ အဲဒီမှာတင် ဟိုကလည်း ကုန်သည်လုပ်နေတာ ဆိုတော့ ချက်ချင်း တန်းသိပြီး လာဘ်ထိုးတဲ့ငွေကိုပါ ထပ်ပြီး ပေးလိုက်ပါတယ်။ အခုလို လေလံအောင်ဖို့ လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးများစွာ တင်ရှိကြောင်းလည်း ပြောကြားလိုက်ပါတယ်။

ကျေးဇူးလည်း အတင်ခံရ၊ ငွေလည်း ရသွားတဲ့ ဗစ်တာဟာ ပြင်သစ်ကနေ သြစတြီးယားကို ပြေးပါတော့တယ်။ အီဖယ်မျှော်စင်ကို ရောင်းစားရတဲ့ငွေအပြင် လာဘ်ထိုးခ ငွေကိုလည်း မြိုးမြိုးမြတ်မြတ် ရလိုက်ပါတယ်။ အဲဒီငွေတွေနဲ့ သြစတြီးယားမှာ ဇိမ်ကျကျနေပြီး ပြင်သစ်သတင်းစာကို စောင့်ဖတ်ပါတော့တယ်။ သူလိမ်ခဲ့တဲ့ သတင်း ဘယ်နေ့ ပါလာမလဲဆိုပြီး စောင့်ဖတ်ပါတယ်။

ဒါပေမဲ့ ရက်သတ္တပတ်ပေါင်း များစွာသာ ကြာလာခဲ့တယ်။ သတင်းက ပါမလာခဲ့ဘူး။ အဲဒီတော့ ဗစ်တာက ကောက်ချက်ချတယ်။ ကြည့်ရတာ ဟိုကုန်သည် သူ့ဟာသူ ရှက်ပြီး ရဲကို မတိုင်တာလို့ ကောက်ချက်ချလိုက်ပါတယ်။ တကယ်လည်း သံကုန်သည် သူဌေးကြီးဟာ လွယ်လင့်တကူ အလိမ်ခံလိုက်ရတာကို ရှက်ပြီး ရဲမတိုင်ခဲ့ဘူး။

သူဌေးကြီး အန်ဒရီးဟာ အီဖယ်မျှော်စင်ကို ဖျက်ချဖို့ မြို့တော် အာဏာပိုင်တွေဆီ သွားတွေ့ခဲ့တယ်။ ဒါပေမယ့် ဟိုက အန်ဒရီး ပြောတာကို တစ်ခုမှ နားမလည်သလို အန်ဒရီးကို ရူးနေပြီလားလို့ ဝိုင်းပြောကြတာနဲ့ အန်ဒရီးဟာ ရှက်သွားခဲ့တယ်။ ရဲစခန်းလည်း မသွားတော့ပါဘူး။

အဲဒီတော့ ဗစ်တာဆိုတဲ့လူက ဘယ်လိုတွေးလိုက်တယ်ဆိုတော့ .. နောက်ထပ် အချဉ်တစ်ကောင် ထပ်ဖမ်းလို့ ရသေးတယ်ဆိုပြီး တွေးလိုက်ပါတော့တယ်။ ခြောက်လ ကြာပြီးတဲ့နောက်မှာ ဗစ်တာဟာ ပါရီကို ပြန်လာခဲ့တယ်။ အရင်က လုပ်ခဲ့တဲ့ သံကုန်သည် သူဌေးငါးယောက် အကွက်အတိုင်းပဲ ဆက်လုပ်တယ်။ အံအားသင့်စရာ ကောင်းတာက ထပ်ပြီး သားကောင်မိပါတယ်။ အီဖယ်မျှော်စင်ကို ထပ်ရောင်းလို့ ရသွားတယ်။ ဒီအကြိမ်မှာတော့ ဗစ်တာ့သတင်းဟာ ရဲဆီ ရောက်သွားပါတယ်။ အမှုဖွင့် တိုင်ကြားခြင်း ခံလိုက်ရသလို သတင်းစာတွေမှာလည်း မျက်နှာဖုံးသတင်းအဖြစ် ပါသွားပါတော့တယ်။ ဗစ်တာလည်း သိပ်မကြာပါဘူး။ ပြင်သစ်အပြင် ဥရောပမှာတောင် နေလို့ မရတော့တာမို့ အမေရိကားကို ထွက်ပြေးရပါတော့တယ်။

ငွေထုတ်စက်လုပ်ပြီး လိမ်စားပုံ

ဗစ်တာဟာ အီဖယ်မျှော်စင်ကို လိမ်ပြီး ကောင်းကောင်း မနေနိုင်ခဲ့ဘူး။ နောက်ထပ် သားကောင်တစ်ကောင်ကို နောက်ထပ်ပုံစံတစ်ခုနဲ့ လိမ်ခဲ့ပါသေးတယ်။ အဲဒါကတော့ ငွေထုတ်တဲ့ စက်ပါပဲ။ အဲဒါကို ရူမေးနီးယန်းသေတ္တာလို့ ခေါ်ပါတယ်။ ဗစ်တာ့မှာ သေတ္တာ၊ ဗီရိုတွေ လုပ်တတ်တဲ့ အသိတစ်ယောက် ရှိတယ်။ သူက နယူးယောက်ခ်မှာ နေပါတယ်။ သူ့ကို ခေါ်ပြီး မဟော်ဂနီ သေတ္တာတစ်လုံး လုပ်ခိုင်းပါတယ်။ ပိုက်ဆံထည့်ဖို့ အပေါက် သေးသေးလည်း လုပ်ခိုင်းပါတယ်။ သေတ္တာဟာ ၁၂ လက်မ စတုရန်းပုံစံရှိပြီး သေတ္တာရဲ့ တစ်ဘက်မှာတော့ ဗစ်တာဟာ စက်ကိရိယာတွေ တပ်ဆင်ထားပါတယ်။

သေတ္တာ လုပ်ပြီးသွားတဲ့ အချိန်မှာ ဗစ်တာဟာ ဖလော်ရီဒါက ပါလ်မားကမ်းခြေကို သွားပါတယ်။ အဲဒီမှာ ဟာမန်းလော်လာ ဆိုတဲ့ သားကောင်ကို တွေ့တာပါပဲ။ လော်လာဟာ တကယ်တော့ သူ့အလုပ်နဲ့သူ အောင်မြင်နေတဲ့ သူဌေးတစ်ယောက်ပါ။ သူ့အလုပ်က Flywheel တွေရောင်းပြီး စီးပွားဖြစ်နေတာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့သူတွေက ဈေးကွက်ကို ခြယ်လှယ်လာတဲ့ အခါမှာတော့ လော်လာဟာ သူ့စီးပွားရေးအတွက် ကုစားဖို့ ရှာရင်းနဲ့ ဗစ်တာရဲ့ ထောင်ချောက်ထဲကို နင်းမိပါတော့တယ်။

လော်လာကို သားကောင်အဖြစ် ရွေးချယ်လိုက်ပြီးတဲ့နောက်မှာ ဗစ်တာဟာ သူအခုလို ချမ်းသာလာတာ နည်းလမ်းတစ်ခုကြောင့်လို့ စပြီး စကားပစ်ပါတော့တယ်။ လော်လာက ဘယ်လိုများလဲလို့ မေးတော့ သူလုပ်ထားတဲ့ မဟော်ဂနီသေတ္တာလေးကို ထုတ်ပြပြီး ဒီသေတ္တာဟာ ကမ္ဘာပေါ်မှာ ငွေတုထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော သေတ္တာ ဖြစ်ကြောင်း၊ ပိုက်ဆံအစစ်ကို စက္ကူအလွတ်နဲ့ အတူတူ ထည့်လိုက်မယ်ဆိုရင် ပုံတူကူးပြီး နောက်ထပ် ပိုက်ဆံအစစ် တစ်ရွက် ရလာမှာ ဖြစ်ကြောင်း ပြောဆိုပြီး ချုပ်ပါတော့တယ်။ ဒါပေမယ့် အဲဒီ့သေတ္တာမှာ အားနည်းချက်က ချက်ခြင်းထည့်ပြီး ချက်ခြင်းရလာတာ မဟုတ်ကြောင်း၊ ခြောက်နာရီကြာအောင် စောင့်ရကြောင်း၊ အဲဒီလို စောင့်ရတာကလည်း စာရွက်အလွတ်ကို ငွေစက္ကူနဲ့ ထပ်တူဖြစ်အောင် ဓာတုပစ္စည်းတွေနဲ့ စိမ်ထားတဲ့ အရည်ထဲမှာ စိမ်ရလို့ ဖြစ်ကြောင်းပါ ယုတ္တိရှိရှိ ပြောပြပါတယ်။

ဒီတော့ ဗစ်တာနဲ့ လော်လာအပြင် နောက်ထပ် အဖော်တစ်ယောက်ပါ ခြောက်နာရီကျော်အောင် စောင့်ပြီးမှ သွားပြန်ကြည့်တဲ့အခါ သေတ္တာထဲကနေ ဒေါ်လာတစ်ထောင်တန် ငွေစက္ကူကို တွေ့လိုက်ရတယ်။ အဲဒီ ငွေစက္ကူဟာ အတုမဟုတ်ဘူး၊ အစစ်၊ မယုံရင် ဘဏ်မှာ သွားစစ်ကြည့် ဆိုပြီး ပြောတော့ လော်လာလည်း ဘဏ်မှာ သွားစစ်ကြည့်တဲ့အခါ တကယ့်ကို အဟုတ်ကြီး ငွေအစစ် ဖြစ်နေပါတယ်။ စစ်မှာပေ့ါ။ တကယ်လည်း ငွေအစစ်ကို ထည့်ထားတာကိုး။ ဗစ်တာဟာ သေတ္တာထဲမှာ ငွေစက္ကူနံပါတ်နဲ့ ဆင်တူ အစစ်တစ်ရွက်ကို ကြိုတင်ပြီး ထည့်ထားခဲ့တာပါ။

အဲဒီလိုနဲ့ သူဌေးလော်လာဟာ `ကမ္ဘာ့ငွေတုထုတ်စက် တစ်လုံး´ ကို ကာလပေါ်ငွေ အမေရိကန်ဒေါ်လာ နှစ်သိန်းလေးသောင်း ရှိမယ့် အဲဒီ့ခေတ် ငွေကြေး ဒေါ်လာ နှစ်သောင်းခွဲနဲ့ ဝယ်လိုက်ပါတော့တယ်။ ဗစ်တာက ဒီမြို့က ထွက်ဖို့ ခြောက်နာရီ အချိန်ရတယ်လို့ တွက်ပြီးသား။ ဒါပေမယ့် ကံဆိုးရှာတဲ့ လောဘသမား လော်လာဟာ ခြောက်နာရီ ပြည့်တဲ့အချိန်မှာ ငွေက ထွက်မလာလို့ သူများ မှားသလားလို့ ဆိုပြီး ရက်သတ္တပတ်ပေါင်းများစွာ စစ်ဆေးကြည့်ရှုနေမိသတဲ့။ သူ အဲဒီလို စစ်ဆေးနေတဲ့အချိန်မှာ ဗစ်တာကတော့ အိုကလာဟိုးမားကို ရောက်ရှိနေပါပြီ။

ဒုစရိုက်ရာဇာကို နှပ်ချခြင်း

နောက်ပြီး ရှီကာဂိုက တကယ့် ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်း ကိုလည်း ပါးပါးလေး လိမ်စားခဲ့ပါသေးတယ်။ ဘယ်လို လိမ်တာလဲ ဆိုတော့ အယ်လ်ကာပွန်းဆီ သွားပြီး သူလုပ်နေတဲ့ အလုပ်တစ်ခု ရှိတယ်။ အဲဒီမှာ ငွေကြေး ရင်းနှီးပါလား ဆိုပြီး ဆွဲဆောင်ပါတယ်။ ဟိုကလည်း ဒေါ်လာ ငါးသောင်းကို ရှယ်ယာအနေနဲ့ ထည့်လိုက်ပါတယ်။ နှစ်လလောက်ကြာ တော့ ခပ်တည်တည်နဲ့ သွားပြီး လုပ်ငန်းမအောင်မြင်လို့ ထည့်ထားတဲ့ ဒေါ်လာငါးသောင်း ပလုံသွားပြီ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။

ဒုစရိုက်ရာဇာဟာ ဒေါသထွက်ပြီး သတ်မယ် လုပ်တဲ့အချိန် ဗစ်တာဟာ အေးအေးဆေးဆေးပဲ၊ မပူပါနဲ့၊ ကျွန်တော် အဲဒီငွေ ပြန်ပေးပါမယ်ဆိုပြီး ဒေါ်လာငါးသောင်းကို ပြန်စိုက်ပေးလိုက်ပါတယ်။ အဲဒီမှာတင် ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်းဟာ ဗစ်တာကို အထင်တွေကြီး၊ လေးစားသွားပြီး ဒေါ်လာတစ်ထောင်ကို ဆုချီးမြှင့်တဲ့အနေနဲ့ ပြန်ပေးလိုက်ပါတယ်။ ဒါပေမယ့် ဒုစရိုက်ရာဇာကြီး အယ်လ်ကာပွန်း မသိတဲ့အချက်က သူ့ငွေတွေနဲ့ သူ့ကို ပြန်ကလိမ်ကျသွားတာဖြစ်ပြီး လေးစားမှုကို လိုချင်လို့ လုပ်လိုက်တယ်ဆိုတဲ့ အချက်ဖြစ်ကြောင်း မသိခဲ့ရှာဘူး။ ဒေါ်လာတစ်ထောင်ကတော့ အချောင်အမြတ် ရလိုက်တာပေ့ါ။

အဖမ်းခံရပုံ

အသက် ၄၅နှစ် အရွယ်ရောက်လာတဲ့အချိန်မှာ ဗစ်တာဟာ အမေရိကားမှာ နေတုန်း ရုတ်တရက် အဖမ်းခံလိုက်ရပါတယ်။ သူအဖမ်းခံလိုက်ရပုံကလည်း ရဲတွေက စုံစမ်းရှာဖွေတာ တော်လို့ မဟုတ်ဘဲ ဗစ်တာရဲ့ အိမ်က အိမ်ဖော်မက သဝန်တိုလို့ ရဲကို သတင်းပေးပြီး ဖမ်းခိုင်းလိုက်တာပါ။ ဖြစ်ချင်တော့ သတင်းပေးတဲ့ အိမ်ဖော်မက ဗစ်တာကို သူ့ထက်ငယ်တဲ့ အိမ်ဖော်မနဲ့ ဖြစ်နေတာသိပြီး သဝန်တိုလို့ ရဲတိုင်လိုက်တာပါ။

နယူးယောက်ခ်မှာ ထိန်းသိမ်းခံနေရတုန်း အမှု အမိန့် မချခင်လေးမှာ ဗစ်တာဟာ ပြန်ပြီး ထွက်ပြေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၇ ရက် အကြာမှာ ပြန်မိခဲ့ပါတယ်။ အသနားခံစာ တင်ခဲ့ပေမယ့်လည်း သူ့ကို ကယ်လီဖိုးနီးယား၊ အယ်ကာထရက်ဇ်ကျွန်းမှာ ထောင်ဒဏ် အနှစ်(၂၀) ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ နေထိုင်ရင်း အသက်(၅၀)မှာတော့ ဗစ်တာဟာ နူမိုးနီးယားဖြစ်ပြီး အကျဉ်းထောင်ဆေးရုံမှာ ဆေးကုသခံနေစဉ် နှစ်ရက်အကြာမှာ သေဆုံးခဲ့ပါတယ်။

ထူးခြားချက် နောက်တစ်ခုကတော့ သူသေတော့ သူ့ရဲ့ သေစာရင်းမှာ သူ့ရဲ့ အလုပ်အကိုင်နဲ့ ပတ်သက်ပြီး ရေးသားထားလိုက်ပုံက `အရောင်းသင်သမား´ ပါတဲ့။

ချောဆီထည့်နည်း ပညတ်တော် (၁၀)ပါး

ဗစ်တာဟာ ထောင်ထဲမှာ သူမသေခင် သူ့လို အနုပညာဆန်ဆန် လိမ်ညာချင်တဲ့ သူတွေအတွက် လိမ်ညာနည်းကို Ten Commandments ဆိုပြီး ဆယ်ချက် ရေးသားခဲ့ပါတယ်။ အဲဒီ လိမ်ညာနည်း (၁၀)ပါးဟာ အင်မတန် နာမည်ကြီးလှတာမို့ ဖော်ပြလိုက်ရပါတယ်။

၁။ စိတ်ရှည်ရှည်နဲ့ နားထောင်တတ်သူ ဖြစ်ပါစေ။ (အလျင်စလို စကားပြောတတ်သူ မဖြစ်ပါစေနဲ့။ စကားပြော မမြန်ပါစေနဲ့။ စိတ်ရှည်ရှည်နဲ့ နားထောင်တတ်မှ တစ်ဘက်သူကို ဘယ်လိုအနိုင်ယူ သိမ်းသွင်းရမယ်ဆိုတာ သိပါလိမ့်မယ်။)

၂။ ဘယ်တော့မှ ငြီးငွေ့ဖွယ်ရာ အသွင်အပြင်မျိုး မရှိပါစေနဲ့။ စိတ်ဝင်စားဖွယ်ရာ ဟန်ပန် ရှိပါစေ။

၃။ လူတစ်ဘက်သားဆီက နိုင်ငံရေးအယူအဆ တစ်ခုခု ထုတ်ပြောလာတာကို စောင့်ပါ။ တစ်ဘက်က သူ့နိုင်ငံရေးအယူအဆကို ပြောလာတာနဲ့ ထောက်ခံသဘောတူပေးလိုက်ပါ။ (အဲဒီအချက်ကိုတော့ စာရေးသူအနေနဲ့ အတော်လေးကို သဘောခွေ့မိပါတယ်။ အတော် ပညာသား ပါတယ်လို့ ယူဆမိတယ်။)

၄။ ဘာသာရေး အယူအဆတွေလည်း ပြောပါစေ။ အငြင်းအခုံ၊ အတိုက်အခံသာ မလုပ်မိစေနဲ့။ ပြီးရင် ကိုယ်ကတောင် သူပြောတဲ့ ဘာသာရေး အယူအဆကို တစ်ချို့တစ်လေ လက်ခံတဲ့အကြောင်းကိုပါ ပြောပေးပါ။

၅။ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ စကားလမ်းကြောင်းတွေ ခင်းပေးပါ။ ဒါပေမယ့် ကိုယ့်ဘက်က လိုက်မပြောမိစေနဲ့။ သူပြောတာကိုပဲ စောင့်ပါ။ သူ့ဘက်က စိတ်လောကြီးစွာနဲ့ လိင်ကိစ္စအကြောင်းတွေ ပြောလာမှ အသာလေး ဖော်လို လိုက်ပေးပါ။

၆။ ဘယ်တော့မှ နာမကျန်း ဖြစ်တဲ့အကြောင်း၊ ရောဂါအကြောင်းတွေ မဆွေးနွေးမိပါစေနဲ့။ တစ်ဘက်က နာမကျန်းဖြစ်တဲ့အကြောင်း မပြောသရွေ့ပေ့ါ။

၇။ တစ်ဘက်သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စပ်စုတာတွေ ဘယ်တော့မှ မလုပ်မိပါစေနဲ့။ (သူတို့ဘာသာ နောက်ဆုံး ပြောပြလာပါလိမ့်မယ်။)

၈။ ဘယ်တော့မှ မကြွားမိပါစေနဲ့။ မကြွားဝါနဲ့။ ကိုယ့်ရဲ့အရေးပါမှုကို တိတ်ဆိတ်ငြိမ်သက်နေပါစေ။

၉။ ဘယ်တော့မှ မသပ်မရပ် ဖြစ်သလို မနေမိပါစေနဲ့။

၁၀။ ဘယ်တော့မှ အရက်မမူးပါနဲ့။ မသောက်ပါနဲ့။ 

Surce : သိဒ္ဓိ (ဘူတဝါဟန)

Lwin Pyin ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။