အမေရိကန်နိုင်ငံ စက်ရုံတခုအတွင်းမှာ မြန်မာနိုင်ငံသား အမျိုးသားတဦးဟာ လုပ်ဖော်ကိုင်ဘက် ၂ ဦးကို ဓားနဲ့ထိုးခဲ့ပြီး တဦးသေဆုံးကာ နောက်တဦးကတော့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဒီဇင်ဘာ ၅ ရက်နေ့က မြောက်ကာရိုလိုင်းနားပြည်နယ်၊ ဝက်လ်စ်ဘိုရိုမြို့ စက်ရုံတခုထဲမှာ ဖြစ်ခဲ့တာပါ။

ဟိုက်ပွိုင့်မြို့မှာနေထိုင်သူ မြန်မာအမျိုးသား ကိုစိန်ဝင်းကို တိုင်ဆန် နို့ထွက်ပစ္စည်းစက်ရုံထဲမှာ ညနေ ၅း၄၅ နာရီလောက်က ဖမ်းဆီးနိုင်ခဲ့တယ်လို့ myfox8 သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူတို့ ၃ ဦးစလုံးဟာ စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားခဲ့ချိန်မှာ ကိုစိန်ဝင်းက ဓားနဲ့ အကြိမ်ကြိမ်ထိုးခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်ကို ကိုးကားပြီး ဝက်လ်စ်ဘိုရိုရဲတွေက ပြောပါတယ်။

ဝက်လ်စ်ဘိုရိုမြို့မြောက်ပိုင်းမှာ နေထိုင်သူ မာကို မာရီယာနို အယ်လ်ဗာဟာ ဒဏ်ရာတွေနဲ့ ၀ိတ်ခ်ဖောရက်စ်ဆေးရုံကို ရောက်ရှိခဲ့့ချိန်မှာ သေဆုံးသွားခဲ့တာဖြစ်ပြီး နောက်တဦးဖြစ်တဲ့ လီနွာမြို့မှ ဂျွန်ဖောက်စ်ကတော့ ထိခိုက်ဒဏ်ရာတွေနဲ့ အရေးပေါ်ကုသမှု လုပ်ဆောင်နေရတာပါ။

လက်ရှိမှာတော့ ကိုစိန်ဝင်းကို တရားရုံး ၂ ခုကနေ အသက်သေစေလောက်တဲ့ လက်နက်ကိုင်ဆောင်မှု အပါအဝင် စွဲချက်တွေနဲ့ ဆက်လက်စုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။