မြန်မာအသင်းသည် ထိုင်းအသင်းနှင့် ဆူဇူကီဖလား ခြေစစ်ပွဲ ဆီမီဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွင် သန်းပိုင်၊ ရန်နိုုင်ဦးတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့ပြီး နည်းဗျူဟာ အပြောင်းအလဲများ ပြုလုပ်ကာ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန် အစောပိုင်းတွင် ထိုင်းအသင်း ကို ဖိအားပေး ကစားခဲ့ပြီး အောင်သူ၊ မျိုးကိုထွန်းတို့ ဂိုးသွင်းခွင့်များ ရရှိခဲ့သည်။ သို့သော် ထိုင်းနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်ထား နိုင်ခဲ့ခြင်းကြောင့် ဂိုးမရခဲ့ပေ။ နောက်ပိုင်းပွဲချိန် များတွင် ထိုင်း အသင်းက ပိုမို ဖိအားပေးနိုင်ခဲ့ပြီး မြန်မာအသင်းအား အသာစီးရရန် ကြိုးစားလာခဲ့သည်။

ပွဲကစားချိန် ၃၃ မိနစ်တွင် တိုက်စစ်မှူး စာရာဝက် မက်ဆုက ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းအပြီးတွင် (၁-၀)ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မြန်မာအသင်း တိုက်စစ်ကို ပိုမိုမြှင့်တင် ကစားခဲ့ပြီး သန်းပိုင်၏ အဝေးကန်ချက် တိုင်ထိထွက်ခဲ့သောကြောင့် မြန်မာအသင်း နစ်နာခဲ့ရသည်။ သို့သော် ထိုင်းအသင်းသည် ပွဲချိန် ၆၅ မိနစ်တွင် ပင်နယ်တီမှ လည်းကောင်း ပွဲချိန် ရ၂မိနစ်နှင့် ၈၃ မိနစ်တို့တွင် တန်ပြန်တိုက်စစ်မှ လည်းကောင်း သွင်းဂိုးများ ထပ်မံ ရရှိခဲ့ခြင်းကြောင့် ပွဲအပြီးတွင် မြန်မာအသင်းက လေးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ နှစ်ကျော့စလုံး အရေးနိမ့်ခဲ့ရသည့် မြန်မာအသင်းသည် ဆီမီးဖိုင်နယ် အဆင့်ဖြင့်သာ ပြိုင်ပွဲအား နှုတ်ဆက်ခဲ့ရသည်။

” ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးမရခဲ့ဘူး။ ပေးဂိုး မထင်မှတ်ဘဲ များသွားတာတော့ စိတ်ပျက်မိတယ်။ ဒီလောက် ဖြစ်စရာမရှိဘူး။ ပွဲဟာ ပွဲကောင်းတစ်ပွဲပါ။ ဒါပေမဲ့ တစ်ချို့သော ပြောပြချင်စရာ မကောင်းတဲ့ အခြေ အနေတွေကြောင့် ဒီလို ရလဒ်ဖြစ်သွားတာပါ။ စိတ်ပျက်စရာ အခြေအနေပါပဲ။ ဒါပေမဲ့ လက်ရှိ ခြေစွမ်းနဲ့ဆို မြန်မာအသင်းဟာ နောက် ၂ နှစ်အတွင်း ထိပ်တန်းအသင်း တစ်သင်းဖြစ်လာ မှာပါ။ ကျွန်တော်တို့ အသင်းမှာ ငယ်ရွယ်နုပျိုတဲ့ အသက် ၂၀ အရွယ် ကစားသမားတွေ အများကြီး ရှိနေပါတယ်။ ထိုင်းအသင်းကိုတော့ ဖိုင်နယ် တက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု လက်ထောက်နည်းပြ မီရိုဆလပ်က ပြောသည်။

ထိုင်းအသင်း နည်းပြ ကိုင်တီဆက်က ” ကျွန်တော်တို့ ပထမပိုင်းမှာ မြန်မာအသင်းရဲ့ ဖိအားပေးခြင်းကို ခံရပါတယ်။ ဒုတိယပိုင်း ဂိုးတွေ ရခဲ့တာက ဖိုင်နယ်အတွက် ပိုပြီးသေချာ သွားခဲ့တယ်။ မြန်မာအသင်းဟာ အသင်းကောင်း တစ်သင်းအဖြစ် ဒီနေ့ပွဲမှာ ပြသနိုင် ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ကို ကံတရားက မကူညီပေးခဲ့ဘူး။ ကံမကောင်းခဲ့တာပါ။” ဟုမီဒီယာများအား ဖြေကြားသွားခဲ့သည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။