မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ငပုအင်းကျေးရွာပိုင် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော် ဖွင့်ပွဲရက်ဖြစ်သော ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အင်းထဲငားဖမ်းရန် လာရောက်ကြသူများသည် ယခင်နှစ်များထက် သုံးပုံနှစ်ပုံဝန်းကျင် များပြားလာသည်ဟု ငါးလာဖမ်းကြသူများထံမှ သိရသည်။ယင်းငါးဖမ်းပွဲတော်ကို အင်းပတ်ဝန်းကျင် အနီးအနားရှိ ဒေသခံများအပြင် ပြင်ပဧည့်သည် ထောင်ချီ လာရောက်ခဲ့ကြတာဖြစ်ကြောင်း ကျုံကွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။ ငါးဖမ်းပွဲတော်ရက်ကို အင်းရေခမ်းမှုအပေါ် မူတည်ပြီး ပွဲတော်ရက်ကို ကျင်းပတာဖြစ်ကြောင်းနှင့် ငါးဖမ်းပွဲတော်ရက် စတင်ချိန်မှစ၍ တန်ခူးလ အင်းရေခမ်းအချိန်ထိ ဒေါင်ဒင်အင်းထဲတွင် ငါးဖမ်းကြတာဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ယခုနှစ်တွင် ငါးလာဖမ်းသူများပြားတာကြောင့် ငါးအမိလည်း နည်းသွားသည်ဟု မရမ်းကုန်းကျေးရွာမှ ငါးလာဖမ်းသူတဦးက ဆိုသည်။ ဒေါင်ဒင်အင်းပွဲတော်ကို ရေပူကော့စပ်ကျေးရွာ၊ ကျုံကွယ်ကျေးရွာနှင့် ငပုအင်းကျေးရွာတို့က တနှစ်တကြိမ် အလှည့်ကျ တာဝန်ယူကျင်းပကြခြင်းဖြစ်သည်။ဒေါင်ဒင်အင်းဖြစ်ပေါ်လာပုံနဲ့ နှစ်စဉ်နှစ်တိုင်း ငါးဖမ်းကြခြင်းအကြောင်းမှာ ရှေးယခင်က ဒေါင်ဒင်မြို့ရဲ့ ရှင်ဘုရင်ကြီးက ဘာသာရေးကို အယုံအကြည်မရှိတာကြောင့် တိုင်းသူ ပြည်သားများကို ဆွမ်းမလောင်းဖို့ မိန့်ကြားထားခဲ့ပြီး တစ်နေ့သောအချိန်တွင် ဒေါင်ဒင်မြို့အစွန်းမှာ သီတင်းသုံးနေထိုင်တဲ့ သံဃာတော်တပါး ဆွမ်းခံံကြွလာသည်ကို ရွာသူ၊ ရွာသားများက ဘုရင်ကြီး မှာထားသည့်အတိုင်း ဆွမ်းမလောင်းကြဘဲ သပိတ်ထဲသို့ တံတွေးများသာ လောင်းထဲ့ခဲ့သည်ဟုဆိုသည်။

ယင်းသံဃာတော်မှာ ဆက်လက်ဆွမ်းခံထွက်လာခဲ့ရာ အဖိုး၊ အဖွားနေအိမ်တခုအရောက်တွင် အဖိုး၊ အဖွားက ဆွမ်းလောင်းရန် သပိတ်အားကြည့်လိုက်စဉ် တံတွေးများသာတွေ၍ တံတွေးများပြည့်နေသည့် သပိတ်ကိုမြင်၍ သပိတ်ကို ဆေးပေးပြီး ဆွမ်းများလောင်းလှူခဲ့သည်။ ထိုသို့ ဆွမ်းလောင်းလှူမှုအပြီးမှာ အဖိုး၊ အဖွားကို ဒေါင်ဒင်မြို့ကနေ အမြန်ဆုံးထွက်ပြေးဖို့ သံဃာတော်က မိန့်ကြားပြီး ထိုသံဃာတော်မှာ တန်ခိုးပြပျောက်ကွယ်သွားသည်ဟု ဒဏ္ဍာရီအရ ယုံကြည်ခဲ့ကြသည်။ထိုနောက် ဒေါင်ဒင်မြို့ကြီးသည် ရေများလွှမ်းမိုးကာ အင်းဖြစ်သွားပြီး ဘာသာတရား အယုံအကြည်မရှိသော ရှင်ဘုရင်နှင့် သံဃာတော်အား တံတွေးများလောင်းခဲ့သည့် ရွာသူ၊ ရွာသားများမှာ အင်းထဲတွင် ငါးများဖြစ်ကုန်ကြသည်ဟု ရွာသားများအကြား ဒဏ္ဍာရီစကားရှိနေကြသည်။ 

Source : The Irrawaddy Burmese Edition

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။