ထိုင်းနိုင်ငံက မော်ဆိုင်ဆိုတဲ့ လူတစ်ဦးကတော့နာမည်ကျော်ကြားနေပါတယ်။သူဟာ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပြီး သူကိုယ်တိုင်ဖော်စပ်ထားတဲ့ တိုင်းရင်းဆေးတစ်မျိုးက ကင်ဆာကို သက်သာလာစေတာကြောင့် လူပေါင်းများစွာဟာ သူ့ရဲ့အိမ်ရှေ့မှာ လာရောက်စောင့်နေခဲ့ပါတယ်။

သူဟာ ထိုင်းနိုင်ငံအလယ်ပိုင်း ပရကျင်းပူရီခရိုင် နေထိုင်သူတစ်ယောက်ဖြစ်ပြီး လျှပ်စစ်ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပါတယ်။

အဲဒီလို လာရောက်ကုသမှု ခံယူသူတွေထဲမှာ ထိုင်းလူမျိုးတွေတင်မက တရုတ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စတဲ့ အိမ်နီးချင်းနိုင်ငံတွေကပါ ရောက်လာကြတယ်လို့ Work Point ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မော်ဆိုင် (ဆရာဝန်ဆိုင်) ခေါ် နိုင်းဆိုင်ချိုင်း ဟယ်လိုတ်တကွန်း ဆိုသူမှာ လျှပ်စစ်ရုံးက ဝန်ထမ်းဟောင်းတဦးဖြစ်ပြီး တိုင်းရင်းဆေးတွေအကြောင်း ကျွမ်းကျင်သူအဖြစ် အရပ်ထဲ နာမည်ကြီးကာ သူဟာ အပတ်စဉ် တနင်္ဂနွေ ပထမပတ်တိုင်း တိုင်းရင်းဆေးတမျိုးကို လူတဦး ၆ လုံးကျ အခမဲ့ဝေငှပေးခဲ့ပါတယ်။

သူ့ဆေးကို သောက်ရတဲ့သူတွေဟာ ကင်ဆာရောဂါ သက်သာကြောင်း တဆင့်စကားနဲ့ ကျော်ကြားလာတဲ့အတွက် လက်ရှိမှာ တလကို လူ ၃ သောင်းကျော်ထိ ဆေးတွေ ဝေငှပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

သူဟာ အဲဒီဆေးကို ဝေငှရာမှာ ပထမဆုံး ကင်ဆာဝေဒနာသည် သံဃာနဲ့ သီလရှင်တွေ ဦးစားပေးပြီး ဒုတိယ တွန်းလှည်းနဲ့ ကိုယ်တိုင်လာတန်းစီတဲ့ အရေးပေါ်ဝေဒနာရှင်၊ အဲဒီနောက် ဆေးလာယူနေကျ ဝေဒနာရှင်ဟောင်းနဲ့ ဝေဒနာရှင်အသစ်ဆိုပြီး အဆင့်ဆင့် တန်းစီဝေငှပေးတာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပရကျင်းပူရီမြို့နယ် ကျန်းမာရေးဌာန ဆရာဝန်ကြီးကတော့ မော်ဆိုင်ဝေငှနေတာဟာ ကင်ဆာပျောက်ဆေးမဟုတ်ဘဲ လူ့ခန္ဓာအတွက် ဖော်စပ်ထားတဲ့ အားဆေးတမျိုးသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် လူတွေရဲ့ယုံကြည်မှုက လျော့မသွားဘဲ တိုးလို့သာ လာနေပြီး သူတို့မြို့မှာ ယာဉ်ကြောတွေ ပိတ်ဆို့တဲ့ထိ ဖြစ်နေပါတယ်။

မော်ဆိုင်ဟာ တရားဝင် တိုင်းရင်းဆေးသမားတော်ဖြစ်ဖို့ ပြီးခဲ့တဲ့နှစ် မေလ ၁၇ ရက်က မှတ်ပုံတင်ထားခဲ့ပေမယ့် ထိုင်းနိုင်ငံ တိုင်းရင်းဆေးသမားတော်အဖွဲ့ကတော့ သူ့မှာ လိုအပ်ချက်တွေ မပြည့်စုံသေးလို့ သတ်မှတ်ပေးလို့ မရသေးတဲ့အကြောင်း ထုတ်ပြန်ထားတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းက ဒီကနေ့ရက်စွဲနဲ့ ဖော်ပြသွားပါတယ်။

source - DVB tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။