နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို မဟုတ်မမှန် ဖြည့်စွက် ရေးသားထားသည့် ဗီဒီယိုအား ကိုးကား၍ သတင်း မှား ဖော်ပြခဲ့သည့် The Independent သတင်းစာအား ထိုက်သင့်သလို တုံ့ပြန်မည်

မဟုတ်မမှန် သတင်းမှားများကို အခြေခံ၍ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး ဆိုင်ရာစွပ်စွဲမှုများ ပြုလုပ်နေချိန်တွင် နိုင်ငံတကာသတင်းဌာနအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် သတင်းမှားများကို ရည်ရွယ်ချက် ရှိရှိ ဖော်ပြလျက် ရှိကြောင်း တွေ့ရှိရသည်။

The Independent သတင်းစာ၏ Online စာမျက်နှာဖြစ်သည့် http://theindependent.sg တွင် ဒီဇင်ဘာလ ၅ ရက်နေ့က Aung San Suu Kyi laughs out loud at Rohingya genocide allegations while in Singapore ခေါင်းစဉ်ဖြင့် သတင်းဖော်ပြခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံသားများ တွေ့ဆုံပွဲတွင် မြန်မာဘာသာစကားဖြင့် အပြန် အလှန် ပြောကြားခဲ့ခြင်း ဖြစ်သော်လည်း ထိုသတင်း တွင် ကိုးကားထားသည့် ဗီဒီယိုဖိုင်မှာ Haikal Mansor အမည်ရှိ google account က Youtube တွင် တင်ထားသည့် အင်္ဂလိပ်ဘာသာဖြင့် မဟုတ်မမှန် စာတန််းများ ရေးထိုးထားသည့် ဗီဒီယိုဖြစ်ကြောင်း၊ ခိုင်လုံမှု မရှိသော သတင်း အရင်းအမြစ်တစ်ခု၊ မြန်မာနိုင်ငံအပေါ် အစဉ်အမြဲ မဟုတ်မမှန် တိုက်ခိုက်လျက် ရှိသော ဝါဒဖြန့်ချိရေး Account တစ်ခုသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

အဆိုပါ Account မှ Youtube တွင် လွှင့်တင်သော မဟုတ်မမှန် ဗီဒီယိုများနှင့်ပတ်သက်၍ Google Inc. သို့ ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်သည်။

တာဝန်သိ မြန်မာနိုင်ငံသားများနှင့် တာဝန်သိ သတင်းထောက်များက The Independent သတင်းစာ၏ Online စာမျက်နှာတွင် အဆိုပါ သတင်းမှားနှင့် ပတ်သက်၍ ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သော်လည်း The Independent သတင်းစာအနေဖြင့် တာဝန်သိ မီဒီယာပီသစွာဖြင့် ပြင်ဆင်ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

Theindependent.sg သည် စင်္ကာပူနိုင်ငံရှိ သတင်းများနှင့် နောက်ဆုံး အခြေအနေများကို လွတ်လပ်စွာ ရေးသားဖော်ပြနေသည့် မီဒီယာ တစ်ခု ဖြစ်ကြောင်း ဖော်ပြထားပြီး ထုတ်ဝေသူ၊ အယ်ဒီတာမှာ Kumaran Pilla ဆိုသူ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအစိုးရမှ တာဝန်ရှိသူများအနေဖြင့် The Independent သတင်းစာ၏ သတင်းမှား ဖော်ပြခဲ့ခြင်း နှင့် ပတ်သက်၍ ဥပဒေကြောင်းအရလည်းကောင်း၊ စာနယ်ဇင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရလည်းကောင်း လေ့လာလျက် ရှိပြီး ထိုက်သင့်သည့် တုံ့ပြန်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။