အမွှေးအတောင်ပါတဲ့ ဒိုင်နိုဆော တစ်ကောင်ရဲ့ အမြီးကို ကျောက်ဖြစ် ရုပ်ကြွင်း အနေနဲ့ မြန်မာနိုင်ငံက ထွက်တဲ့ ပယင်းကျောက်ထဲ ပုံစံမပျက် ရှိနေတာ တွေ့ထားရပါတယ်။

ဒါမျိုးနောက်ထပ် အလားတူ တွေ့ရှိဖို့ မဖြစ်နိုင်သလောက် အင်မတန် ကြုံတောင့်ကြုံခဲ တွေ့ရှိ ခဲ့ရတာပါ။

ဒီတွေ့ရှိမှုကြောင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၆ဝ ကျော် အရင်ကတည်းက မျိုးတုန်း ပျောက်ကွယ်ခဲ့တဲ့ ဒိုင်နိုဆော တွေနဲ့ ပတ်သက်ပြီး ပိုပြီး အသေးစိတ် အချက်အလက် တွေ ပိုပြီး နားလည် နိုင်လာ စေပါတယ်။

ပယင်းကျာက်ထဲ တွေ့ရတဲ့ ဒိုင်နိုဆော အမြီးဟာ ထိပ်ပိုင်း မှာ သစ်အယ်သီး အညိုရောင် ဖြစ်ပြီး၊ အောက်ဘက်မှာတော့ အဖြူရောင် ဖြစ်ပါတယ်။

ပယင်းကျောက်ထဲ ဒိုင်နိုဆော အစိတ်အပိုင်း တစ်ခု တွေ့ရတာ ပထမဆုံး အကြိမ် ပဲ ဆိုပြီး လေ့လာမှု ပူးတွဲ လုပ်ခဲ့တဲ့ ကနေဒါ နိုင်ငံ တော်ဝင် ဆာစကက်ခ်ျတာဝင် ပြတိုက်က ရန်ယန် မက်ကယ်လာ က ပြောပါတယ်။

လေ့လာမှု ကို မူလ လုပ်သူကတော့ ဘေဂျင်း မြို့တော် ဘူမိသိပ္ပံ တက္ကသိုလ်က လီဒါ ရှင်း ဖြစ်ပါတယ်။

လီဒါရှင်း ကိုယ်တိုင် မြစ်ကြီးနား စျေးထဲ အဲဒီ့ ပယင်းကျောက်ကို တွေ့ခဲ့တာ ဖြစ်ပါတယ်။

ပယင်းကျောက် သက်တမ်းဟာ နှစ် ၉၉ သန်းလောက် ရင့်နေပြီး၊ ကျောက်မျက် ရောင်းသူတွေက ပယင်းကျောက်ထဲ ပါနေတဲ့ အပင်တစ်ခုခုရဲ့ အစိတ်အပိုင်းလို့ ထင်နေ ခဲ့ကြပေမယ့်၊ သိပ္ပံနည်းကျ စစ်ဆေး ကြည့်တဲ့ အခါမှာတော့ အဲဒီ့ အစိတ်အပိုင်းဟာ ဒိုင်နိုဆော အမြီး ဖြစ်နေမှန်း သိလာ ရခဲ့ပါတယ်။

အဲဒီ့ အမြီးရဲ့ မူလ အကောင်ဟာ ဒိုင်နိုဆော အကောင် ပေါက်စ၊ အရွယ် အစား အားဖြင့် အခုခေတ် စာကလေး အရွယ်လောက် ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။

လေ့လာမှုထဲ ပါဝင် တဲ့ နောက်ထပ် တစ်ယောက် ဖြစ်တဲ့ ဘရစ်တို တက္ကသိုလ်က ပါမောက္ခ မိုက် ဘဲန်တန်က - “ဒိုင်နိုဆော တစ်ကောင်ရဲ့ အရိုး၊ အသား၊ အရေပြား၊ အမွှေးအတောင် အားလုံး အသေးစိတ် တွေ့ရတာ အံ့မခန်းပဲ” လို့ ဆိုပါတယ်။

ဒိုင်နိုဆော ပေါက်စ လေးဟာ အသက် ရှင်စဉ်မှာကို သူ့ရဲ့ အမြီး သစ်ပင်က ထွက်တဲ့ သစ်စေးမှာ ကပ်ညိပြီး၊ နောက်ပိုင်း မရုန်း နိုင်ပဲ သေဆုံး သွား တာ ဖြစ်နိုင်တယ်လို့ ယူဆ ထားကြပြီး၊ အမြီး နစ်ဝင်နေတဲ့ သစ်စေးက နှစ်များစွာ ကြာတဲ့ အခါ ပယင်းကျောက် အနေနဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ဖြစ်လာတာပါ။

ကချင်ပြည်နယ် ထွက် ပယင်းကျောက် တွေထဲ ပိုးမွှား အကောင် ကျောက်ဖြစ် ရုပ်ကြွင်း တွေ အတွေ့များ လာတဲ့ အတွက် ၊ အခု နောက်ပိုင်း အနှစ် ၂ဝ အတွင်း နိုင်ငံတကာ သိပ္ပံပညာရှင် တွေက ကချင် ပယင်းကျောက် တွေကို အာရုံစိုက် အလေးထား နေကြပါတယ်။

အင်မတန် ရပ်သပ်ရှုမောဖွယ် ကောင်းတဲ့ ဒိုင်နိုဆော အမြီး ကချင် ပယင်းကျောက် ရဲ့ ဓာတ်ပုံတွေကို ဘီဘီစီ ဝက်ဘ် ဆိုက်မှာ သွားရောက် ကြည့်ရှု နိုင်ကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။