ကျပ်သိန်းပေါင်း ငါးသောင်းတန်ဖိုးရှိ WYစိတ်ကြွဆေးပြား ၂၅ သိန်း ဖမ်းဆီးရမိ

မောင်တောမြို့နယ် နတ်မြစ်အတွင်း ဒီဇင်ဘာ ၈ ရက် ညနေ ၅နာရီတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် တပ်မတော်ရေယာဉ်များဖြင့် လုံခြုံရေးကင်းလှည့်နေစဉ် မသင်္ကာဖွယ် လှေတစ်စီး အားတွေ့ရှိရသဖြင့် မီးအချက် ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ အနောက်မြောက်သို့ ထွက်ပြေးသွား သောကြောင့် လက်နက်ငယ် ဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့်စက်လှေပေါ်မှ ပေါက်တောမြို့နယ်၊ စိုးမဲကျီကျေးရွာနေ မြင့်ဦး၊ ကိုင်းဟီး ကျေးရွာနေ သိန်းထွန်းဝင်း(ခေါ်)ညီချေ နှင့် လှအောင်တင် တို့ ၃ ဦးအား တစ်လုံးထိုးလုပ် သေနတ် အတို(၁) လက်၊ ၅ဒသမ ၅၆ မမကျည် ၄၂ တောင့် ၊ ၁၂ဗို့ကျည် ၈တောင့် ၊ ပီနံအိတ်ဖြင့် ထုတ်ထား သည့် အထုပ်ကြီး ၁၂ထုပ်၊ အထုပ်သေး ၁ထုပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိအထုပ်များအား ဖွင့်ဖောက်စစ်ဆေးရာ ကာလတန်ဖိုးငွေကျပ် သိန်းပေါင်းငါး သောင်းခန့်တန်ဖိုးရှိ WYစိတ်ကြွဆေးပြား ၂၅ သိန်း သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိသူ ၃ဦးအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။