ဖေဖော်ဝါရီ ၁၄ ရက် Valentine’s Day ချစ်သူများနေ့မှာ သမီးရည်းစားစုံတွဲတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဟိုတယ်တွေအနေနဲ့ အချိန်ပိုင်းတည်းခိုခွင့်ပေးရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူမယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ဟိုတယ်တွေမှာ အချိန်ပိုင်းတည်းခိုမှုမရှိစေဖို့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက ညွှန်ကြားထားတာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ရှောင်တခင်စစ်ဆေးသွားဖို့ ရှိတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။

“ကျနော်တို့ အဲဒီကိစ္စကို ရှောင်တခင်စစ်ဆေးဖို့ လုပ်နေပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဒီလိုနေ့မျိုး (Valentine’s Day) တွေမှာ အမျိုးကောင်းသားရော အမျိုးသမီးတွေရော ဒီလိုမျိုးနေရာတွေကို မသွားစေချင်ပါဘူး။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ အချိန်ပိုင်း တည်းခိုတာတွေ ခွင့်မပြုဘူး။ တရားဝင်အိမ်ထောင်သည်တွေဖြစ်တယ်၊ ခရီးတကယ်သွားတဲ့ လူတွေဖြစ်တယ်၊ မှန်တယ်ဆိုရင်တော့ တည်းပေါ့နော်။ သမီးရည်းစားအတွဲတွေကိုတော့ အချိန်ပိုင်းတည်းခိုခွင့် မပြုဘူးဆိုပြီးတော့ ညွှန်ကြားထားပြီးသား” လို့ ပြောပါတယ်။ 

အမျိုးသမီးတွေအတွက် နစ်နာမှုတွေရှိပြီး မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ်စေဖို့ ပူးပေါင်းပြီး စစ်ဆေးမယ်မှုတွေပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ညွှန်ကြားချက်ကို လိုက်မနာရင်တော့ စည်ပင်သာယာရေးဥပဒေနဲ့အရေးယူမယ်၊ ဟိုတယ်ဆိုရင်လည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းတာ၊ လုပ်ငန်းကို ရပ်ဆိုင်းခံရမယ်။ လာရောက်တည်းခိုသူကိုတော့ အခြေအနေအပေါ်မူတည်ပြီး အရေးယူသွားမယ်လို့သိရပါတယ်။ 

SOURCE - DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။