လိပ်ကျွန်းအမှု တရားရုံး အဆုံးအဖြတ် ခံယူရတော့မည်

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရရှေ့နေအဖွဲ့က နောက်ဆုံး ဖြေရှင်းလျှောက်လဲချက် တင်ပြရန် ပျက်ကွက်ခဲ့သဖြင့် အယူခံတရားရုံး၏ အဆုံးအဖြတ်ကို ခံယူရတော့မည် ဖြစ်ကြောင်း သိရသည်။

“နောက်ဆုံးတော့ တရားသူကြီးရဲ့ အစီအစဉ်အရ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်မယ်လို့ ပြောတယ်။ တကယ်လို့ တရားရုံးက တခုခု အမိန့်ချမယ်ဆိုရင် အဲဒီချမယ့်အမိန့်ကို အစိုးရရှေ့နေရုံးရယ်၊ ထောင်ထဲမှာရှိတဲ့ ကလေးတွေဆီကို စာပို့ပါမယ်။ ဒါလုပ်ထုံးလုပ်နည်းပါ” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ ရှေ့နေဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။

ထိုင်းအစိုးရရှေ့နေများဘက်က တရားရုံးသို့ အယူခံ နောက်ဆုံး လျှောက်လဲချက်ပေးရမည့် နိုဝင်ဘာလ ၁၀ တွင် ရောက်မလာခဲ့သည့်အပြင် လျှောက်လဲချက်ပေးရန် အယူခံတရားရုံးက အချိန်တပတ် ထပ်မံပေးခဲ့ရာတွင် လာရောက်ရန် ပျက်ကွက်ခဲ့သဖြင့် တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ဆုံးဖြတ်ချက်ခံယူရတော့မည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ ဗြိတိသျှလူငယ်၂ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦး ဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်တွင် သေဒဏ်ချမှတ်ခဲ့ရာ တရားခံရှေ့နေများဘက်က မြန်မာနိုင်ငံသား ၂ ဦးတွင် အပြစ်မရှိကြောင်း စာမျက်နှာ ၂၉၈ မျက်နှာပါ အယူခံလွှာတင်သွင်းကို ထိုင်းအယူခံတရားရုံးက ယခုနှစ် မေလ ၂၃ ရက်က လက်ခံခဲ့ခြင်း ဖြစ်သည်။

ထိုအယူခံလွှာနှင့် ပတ်သက်ပြီး အယူခံတရားရုံးက စစ်ဆေးသုံးသပ်ပြီးနောက် အစိုးရရှေ့နေများဘက်သို့ စစ်ဆေးခဲ့ရာ ပြစ်ဒဏ်ချမှတ်ခြင်းတွင် အားနည်းချက်များ ရှိနေသဖြင့် ဖြေရှင်းချက် ၉ ကြိမ်တိတိ တောင်းဆိုခဲ့သော်လည်း ဖြေရှင်းချက် မပေးနိုင်ခဲ့သည့်အပြင် နောက်ဆုံးလျှောက်လဲချက်ပေးရမည့် နိုဝင်ဘာ ၁၀ ရက်နေတွင်လည်း လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။

အယူတရားရုံးက စာမျက်နှာ ၂၉၈ မျက်နှာ ပါရှိသည့် အယူခံလွှာအပါအဝင် စာမျက်နှာ ၃ ထောင် ကျော်ရှိသည့် လိပ်ကျွန်းလူသတ်မှု အမှုတွဲတခုလုံးကို ဖတ်ရှုလေ့လာ၍ ဖြေရှင်းရန် လိုအပ်သည့် အချက်များအပေါ် အစိုးရရှေ့နေများဘက်က ဖြေရှင်းချက်ပေးရန် တင်ပြခိုင်းခြင်းကို နောက်ဆုံးလျှောက်လဲချက် မပေးနိုင်ခဲ့သဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို ခံယူရမည့်အခြေအနေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အယူခံလျှောက်လဲချက်ကို ထိုင်းရှေ့နေများဘက်က နောက်ဆုံး အခြေအနေအထိ တင်ပြနိုင်ခြင်း မရှိသဖြင့် လက်ရှိအနေအထားအရ မြန်မာနိုင်ငံသား နှစ်ဦးဘက်က အလေးသာနေကြောင်း၊ သို့သော်လည်း တရားရုံးတော်မှ အမိန့်ချပြီးလျှင် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် တရားရုံးတခု ထပ်မံကျန်ရှိနေသေးကြောင်း ရှေ့နေဦးအောင်မျိုးသန့်က ပြောသည်။

“ဒီက အမိန့်ချပြီးရင် နောက်ထပ်တက်ရမယ့် ရှေ့နေရုံးတရုံး ကျန်သေးတယ်။ အဲဒီရုံးမှာမှ သူတို့က အကြိတ်အနယ် တင်မလားတော့ မသိဘူး။ ကျနော်တို့ဘက်က နိုင်ရင်လည်း သူတို့က တက်မှာလေ။ သူတို့နိုင်ရင်လည်း ကျနော်တို့က တက်မှာပဲ။ အဲဒါကြောင့် အကြိတ်အနယ် နောက်ဆုံးရုံးတရုံး ကျန်သေးတယ်” ဟု ၎င်းက ဆိုသည်။

ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့သည် လိပ်ကျွန်းတွင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသား အသက် ၂၄ နှစ် အရွယ် ဒေးဗစ် မေလာ (David Miller) နှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် (Hannah Witheridge) တို့ ၂ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ သံသယ တရားခံများအဖြစ် စွပ်စွဲ ဖမ်းဆီးခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ စွပ်စွဲခံနေရခြင်းဖြစ်သည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ကျူးလွန်ခဲ့ကြောင်း မူလကထွက်ဆိုခဲ့ကြ သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲ၏ နှိပ်စက်ဝန်ခံခိုင်းခဲ့မှုကြောင့် ဝန်ခံခဲ့ရခြင်းဖြစ်ကြောင်းနှင့် အမှုကို မကျူးလွန်ကြောင်း ပြန်လည်ထွက်ဆိုခဲ့ကြသည်။ သိုသော် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် ၎င်းတို့ ၂ ဦးကို လူသတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် အမြင့်ဆုံး သေဒဏ် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

Source: Irrawaddy

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။