ဖေဖော်ဝါရီ (၆)ရက်၊ည(၈)နာရီအချိန်၊ ဘန်ကောက်မြို့၊ဘန်ခဲနယ်မြေ Lotus ကုန်တိုက်တွင် လူတယောက် သံချွန်နဲ့ထိုးခံရ တယ်လို့သိရပါတယ်။အဆိုပါဖြစ်စဉ်မှာ ဘဏ်တိုက်တခုသို့ အကြွေစေ့တွေနဲ့ ငွေလာအပ်သူ တစ်ဦးကို ဘဏ်ဝန်ထမ်းအမျိုးသမီးက သံချွန်နဲ့ ပစ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားတာပဲဖြစ်ပါတယ်။အဆင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးခဲ့ရာ မျက်နှာမှာ အသွားနှစ်ဘက်ချွန် သံချောင်း စိုက်ဝင်နေတဲ့ အသက် ၃၀ နှစ်ရွယ် အမျိုးသားတဦး နာကြင်စွာအော်ဟစ်နေလို့ ဆေးရုံကို အမြန်ပို့ ဆောင်ပေးခဲ့တယ်လို့ ဘန်ခဲနယ်မြေရဲစခန်း တာဝန်ကျရဲအရာရှိရဲအုပ် ဆုမ်မိုင်ဖုန်ခန်းက ပြောပါတယ်။

အဆိုပါဖြစ်စဉ်ကို ရဲအုပ် ဆုမ်မိုင်ဖုန်ခန်းနဲ့ အဖွဲ့က သွားရောက်စစ်ဆေးမေးမြန်းရာမှာတော့ ဒဏ်ရာရသူမှာ နိုင်းဖုန်းဆကွန်း ကျန်ဟွမ် အမည်ရှိ ဆောက်လုပ်ရေးအလုပ်သမားတဦးဖြစ်တယ်လို့ သိရပါတယ်။၎င်းဆောက် လုပ်ရေး ဝန်ထမ်းဟာ နယ်က သမီးဖြစ်သူအတွက် ငွေပို့ပေးဖို့ ဘဏ်မှာ ငွေလာအပ်လေ့ရှိပြီး ငွေအပ်ရာမှာ အမြဲလို ၁၀ ဘတ်၊ ၅ ဘတ် ၊ ၁ ဘတ်တန် အကြွေတွေဖြစ်နေတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ၎င်းငွေအပ်တိုင်း ဘဏ်ဝန်ထမ်းတွေမှာ အချိန်ပေးပြီး ငွေရေတွက်ရတယ်လို့ ပြောပါတယ်။

ဘဏ်ဝန်ထမ်းအမျိုးသမီးဟာ ခါတိုင်းမှာငွေရေရတာ စိတ်မရှည်သော်လည်း သည်းခံခဲ့ပေမယ့် အခင်းဖြစ်တဲ့ နေ့ကတော့ ဘဏ်ဝန်ထမ်းအမျိုးသမီးဟာ နဂိုစိတ်ရှုပ်နေတာနဲ့ရောပြီး မြည်တွန်တောက်တီးနေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒဏ်ရာရသူက ငွေမအပ်တော့ဘူးဆိုပြီး ပြန်တောင်းရာမှာ နှစ်ဖက်အပြန် အလှန်စကား များပြီး ဘဏ်ဝန်ထမ်းက ကောင်တာစားပွဲအောက်ရှိ သံချွန်နဲ့ ပစ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ဘဏ်ထဲကလူတွေ အားလုံး အံ့သြထိတ်လန့်ကုန်ပြီး ခဏအကြာ ဘဏ်မန်နေဂျာက ဝန်ထမ်းအစား လာရောက်တောင်းပန်ကာ ဆေးကုသခ အကူငွေဘတ် (၃၀၀)ပေးခဲ့တယ်လို့ ထိုင်း Ts1news သတင်းမှာ ဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။