ဆင်ဆာအဖွဲ့ဆိုတာမရှိသင့်တော့ကြောင်း

ရုပ်ရှင်လောကသားများဆုံးဖြတ်ချက်ချ

ဆင်​ဆာ အဖွဲ့ဆိုတာ မရှိသင်​့​တော့​ကြောင်​း ရုပ်​ရှင်​​လောကသားများ တစ်​ညီတစ်​ညွတ်​တည်​း ဆုံးဖြတ်​ချက်​ချခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆု​ံးဖြတ်​ချက်​ကို မြန်​မာနိုင်​ငံ ရုပ်​ရှင်​အစည်​းအရုံး ဥက္ကဌ ဦးလူမင်​း ဦး​ဆောင်​မယ်​့ ရုပ်​ရှင်​အမှု​ဆောင်​အဖွဲ့ တို့က ရုပ်​ရှင်​ ဆင်​ဆာ အဖွဲ့ဝင်​များ ၊ ပြန်​ုကြား​ရေးဝန်​ကြီး ​ဒေါက်​တာဦး​ဖေမြင်​့ တို့နှင်​့​တွေ့ဆုံပြီး ရုပ်​ရှင်​​လောကသား​တွေ ကိုယ်​စား တင်​ပြ​ပေးသွားမည်​ဟု သိရပါတယ်။

ဆင်ဆာမရှိတော့သင့်ကြောင်းနဲ့ ပတ်သတ်ပြီး ဒါရိုက်တာ ညိုမင်းလွင်က……………

လေးစားအပ်ပါသောဆင်ဆာအဖွဲ့ဝင်လူကြီးမင်းများခင်ဗျား...

လူကြီးမင်းတို့ဖတ်ရှုဖြစ်လိမ့်မည်ဟုမျှော်လင့်ပါသည်၊

မနက်ဖြန်ဆင်ဆာအစည်းအဝေးတွင်

တင်ပြရမည့်ကိစ္စများဖြစ်ပါသော်လည်း ခရီးသွားရန်စီစဉ်ပြီးဖြစ်ပါ၍ ကျွန်တော့်အနေဖြင့် တင်ပြပြောဆိုလိုသည်များကို

အများပြည်သူပါသိရှိနိုင်စေရန် ဒီနေရာမှတင်ပြလိုက်ရပါသည်၊

( အထက်ပါစာပိုဒ်တွင် " ဆွေးနွေးသည် " ဆိုသည့်စကားလုံးကို

စိတ်မကောင်းစွာ ချန်လှပ်ထားခဲ့ရပါသည်၊ အဘယ်ကြောင့်ဆိုသော် ယခင်အစည်းအဝေး၏အတွေ့အကြုံများအရ လူကြီးမင်းတို့သည် တင်ပြတာကိုသာ နားထောင်လေ့ရှိပြီး ဘယ်သောအခါမှပြန်လှန်ဆွေးနွေးသည်ကို မကြားခဲ့ရဖူးသောကြောင့်ဖြစ်ပါသည် )

တနင်္ဂနွေညကျောင်း ဇာတ်ကားတွင်သူငယ်ချင်းများရန်ဖြစ်သည့်

ဇာတ်ဝင်ခန်းတစ်ခု၌" စောက် " ဆိုသောစကားလုံးကိုဖြတ်တောက်ခိုင်းခဲ့ပါသည်၊

၎င်းစကားလုံးကို ရိုင်းပြသည်ဟုကျွန်တော်ကိုယ်တိုင်လက်ခံပါသည်၊

ဒါပေမယ့် မကြားဝံ့မနာသာဖြစ်ရလောက်အောင်

ရုန့်ရင်းကြမ်းတမ်းသည့်စကားလုံးတော့လည်းမဟုတ်ပါ၊

ရိုင်းပြသည့်ဇာတ်ကောင်တစ်ကောင်၏ သရုပ်ကိုပေါ်လွင်စေရုံသာဖြစ်သည်၊

ဇာတ်ဝင်ခန်းတိုင်းအလကားနေရင်းထည့်ပြောနေတာလည်းမဟုတ်ပါ၊

ရန်ဖြစ်သည့်အချိန်၌သာ ထည့်ပြောခဲ့တာဖြစ်သည်၊

သို့သော် ဖြတ်တောက်ပြင်ဆင်ရန်ညွှန်ကြားလာပါသဖြင့်

မလေးရှားနိုင်ငံတွင် ပြုလုပ်ကူးယူခဲ့သော DCP ကို

မူလ Studio ရှိရာ မလေးရှားနိုင်ငံပြန်ပို့ပြီး ပြင်ဆင်ပေးခဲ့ရပါသည်၊

၎င်း တနင်္ဂနွေညကျောင်း ဇာတ်ကားတွင်ပင်

မင်းခ ဆေးလိပ်သောက်သောဇာတ်ဝင်ခန်းကိုဖြတ်ခိုင်းခဲ့ပြန်သည်၊

တက်တူးထိုးသောအခန်းကျဉ်းလေး၏ မွန်းကြပ်ပိတ်လှောင်မှုကိုပြချင်၍

သရုပ်ဆောင်ကို ကျွန်တော်ကိုယ်တိုင်ကသောက်ခိုင်းခဲ့တာဖြစ်ကြောင်း

အသနားခံစာရေးသားပေးပို့ခဲ့ပါသော်လည်း မဖြတ်ချင်လျှင်

" ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုထိခိုက်နိုင်ပါသည် စာတန်းကို

ပိတ်ကား၏နှစ်ဆယ်ရာခိုင်နှုန်းထည့်သွင်းဖော်ပြပေးရမည် " ဆိုသောထောက်ညွှန်ချက်ဖြင့်

မည်သူ့ထံကမှ Sponsor မရပဲ ပိတ်ကား၏နှစ်ဆယ်ရာခိုင်နှုန်းကို

ကျန်းမာရေးဋ္ဌာနအတွက် ခွဲဝေပေးလိုက်ရပြန်သည်၊

သာမာန်တီဗီအစီအစဉ်များ၌ အောက်ကကြော်ငြာဖြတ်ဝင်လာလျှင်တောင် ပရိသတ်များမျက်စိနောက်နေတတ်ရင်

သရဲကားတစ်ကား၏ ဇာတ်ရှိန်မြင့်နေသည့်ဇာတ်ဝင်ခန်းတွင်

မဆီမဆိုင် ဆေးလိပ်မသောက်ရေး စာတန်းဖြတ်ဝင်လာခြင်းသည်

ပရိသတ်၏အာရုံကို ဘယ်လောက်များနှတ်ယူသွားမလဲ...

၎င်းဇာတ်ဝင်ခန်းကို လိုချင်သလိုရဖို့

ဆယ့်လေးကြိမ်တိုင်တိုင်ပြန်လည်ရိုက်ကူးခဲ့ရသော ဒါရိုက်တာတစ်ယောက်အနေဖြင့် များစွာနှမြောရပါသည်၊

နောက်တစ်ကားရှိပါသေးသည်၊

ဓါတ်ရှင်ရိုက်သူများ...

ဇာတ်ဝင်ခန်းတစ်ခု၌ စိုင်းစိုင်းလှမ်းခေါ်စဉ် ဖွေးဖွေးလှည့်အကြည့်

ရုပ်ရှင်သီအိုရီအရ 180 ံကျော်လွန်နေ၍ပြင်ဆင်တည်းဖြတ်ရန်

အကြောင်းကြားစာပေးပို့လာပါသည်၊

သီအိုရီကိုမသိ၍ကျူးလွန်သည့်အမှားနှင့်

သိထားပြီးမှ မိမိစိတ်ကြိုက်လွတ်လပ်စွာတင်ပြခြင်းသည် များစွာကွာခြားလှပါသည်၊

ရုပ်ရှင်အခြေခံသင်ရိုးတွေမှာတောင်ပါသည့် 180 ံRule ကို

ကျွန်တော့်အတွေ့အကြုံနှင့် မသိစရာမရှိကြောင်း ရိုးရိုးလေးစဉ်းစားကြည့်ရုံနှင့်သိနိုင်ပါသည်၊

နိုင်ငံတကာရုပ်ရှင်များတွင်လည်း 180 ံRule ကိုဖေါက်ဖျက်ကျူးလွန်၍

လွတ်လပ်စွာတင်ပြသောအပြများ အများအပြားရှိနှင့်နေသည်ကို

လူကြီးမင်းများအနေဖြင့် သတိမထားမိလေသလား မပြောတတ်ပါ၊

Acting များအဆင်ပြေချောမွေ့နေပြီးသားဇာတ်ဝင်ခန်းကို

180 ထဲ မဝင် ဝင်အောင် အတင်းပြန်ညှိပြီးထည့်ပေးလိုက်ရ၍

ကြည့်ရတာအဆင်မပြေတော့သည့်အပြင်

ထုတ်လုပ်သူအတွက်လည်း နှောင့်နှေးကြန့်ကြာခဲ့ရပြန်ပါသည်၊

မေထုန်ရာသီဖွား အမည်ကိုခွင့်ပြုသင့်၊မပြုသင့်

ဝေဒပညာရှင်များအဖွဲ့ထံအကြံဉာဏ်တောင်းခံသောကိစ္စ၊

အယူတော်မင်္ဂလာ အမည်ကိုဇာတ်ကားအမည်အဖြစ်ပေးသင့်၊မပေးသင့်

ဗေဒင်ဆရာများထံ ဆင်ဆာအဖွဲ့မှလှမ်းမေးသောကိစ္စများမှာလည်း

ကျွန်တော့်အနေဖြင့် နားမလည်နိုင်အောင်ဖြစ်ခဲ့ရပါသည်၊

ဒါတောင် ဆင်ဆာအဖွဲ့၏ပိတ်ပင်တားမြစ်မှုကြောင့်

2009 ခုနှစ်မှနေ၍ယခုအချိန်အထိ ပရိသတ်များထံအပြည့်အဝချပြခွင့်မရှိသေးသော ညစာ ဇာတ်ကားအကြောင်းကိုထည့်မပြောရသေးပါ၊

ကျွန်တော့်အနေနှင့်အဆိုးရွားဆုံးခံစားရသည်ကတော့

Media များနှင့်ပရိသတ်များက ဒီမိုကရေစီအစိုးရလက်ထက်တွင်

ဆင်ဆာများလျှော့ပေါ့လာသည်ဟုထင်နေကြပြီး

အမှန်တကယ်တွင် တနေ့ထက်တနေ့ပိုမိုတင်းကြပ်လာနေခြင်းကို

ကျွန်တော်တို့အားလုံးခံစားနေကြရတာပဲဖြစ်သည်၊

စာပေစိစစ်ရေးအဖွဲ့ကိုဖျက်သိမ်းပေးလိုက်၍

တင်းပြည့်ကြပ်ပြည့် လွတ်လပ်ခွင့်ရသွားကြသော

ဂျာနယ်အင်တာဗျူးများမှ " အခုလိုဆင်ဆာလွတ်လပ်ခွင့်တွေရလာတဲ့အပေါ်မှာ..." ဟု အစချီ၍မေးခွန်းများမေးလာတိုင်း

ပြန်ဖြေစရာအဖြေမရှိတော့သလို ဆွံ့အသွားခဲ့ရတာ ဘယ်နှစ်ကြိမ်မှန်းကို မမှတ်မိတော့ပါ၊

( နောက်နောင် ၎င်းမေးခွန်းများမေးလာလျှင် မည်သို့ဖြေသင့်ကြောင်း ဆင်ဆာအဖွဲ့မှလမ်းညွှန်အကြံပြုပေးစေလိုပါသည် )

ကျွန်တော်ကတော့ ယခင်ကလည်းဖြေပါသည်၊

ယခုလည်း ဖြေပါသည်၊

နောင်ကိုလည်း ဒီအတိုင်းပဲဆက်ဖြေနေပါဦးမည်၊

ဆင်ဆာအဖွဲ့မရှိသင့်တော့ပါ၊

ဒါဆိုရင် ရိုက်ချင်သလိုတွေရိုက်လာကြရင် လူငယ်တွေအတုယူမှားရင် ဘယ်သူတာဝန်ယူမှာလဲ ဟုမေးလာစရာရှိပါသည်၊

ကျန်တဲ့သူတွေတော့မသိပါ၊

ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူပါသည်၊

ပရိသတ်အတွက်အဆိပ်အတောက်ဖြစ်စေမည့် ဇာတ်ကားမျိုး

လူကြီးမင်းတို့ရှိရှိ မရှိရှိ ကျွန်တော်ရိုက်မှာမဟုတ်ပါ၊

ပရိသတ်အတွက်အဆိပ်အတောက်ဖြစ်စေမည့်ဇာတ်ကားမျိုး

ရို်ုက်လာကြလျှင်လည်း ဒဏ်ခတ်သည့်တာဝန်ကိုပရိသတ်ကယူသွားပါလိမ့်မည်၊

ထိုသို့ လွတ်လပ်ခွင့်ကိုတလွဲအသုံးချသူများလည်း

ကြာရှည်ခံလေ့မရှိကြပါ...

သို့သော်...

စူပါမင်းကားကြည့်ပြီးတိုက်ပေါ်ကခုန်ချတာမျိုးကိုတော့

ဘယ်ထုတ်လုပ်သူ၊ဘယ်ဒါရိုက်တာမျိုးကမှတာဝန်ယူကြမှာမဟုတ်တာသေချာပါသည်၊

ညိုမင်းလွင်

ဒါရိုက်တာ ညိုမင်းလွင်၏ လူမှုကွန်ယက်ပေါ်မှ ရေးသားချက်များအား ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။