ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲက တဆင့် ဖြစ်ပေါ်လာတဲ့ တောင်နဲ့မြောက် ကိုရီးယား ၂ နိုင်ငံကြားက နွေးထွေးတဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို တိုးမြှင့်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်က တောင်းဆိုလိုက်ပါတယ်။

နျူကလီးယားဗုံးနဲ့ ဒုံးပျံစမ်းသပ်တာတွေကြောင့် နိုင်ငံတကာမှာ တင်းမာမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ပြုံးချမ်း အိုလံပစ်မှာ သူ့နိုင်ငံကို လက်ခံပေးတဲ့ အတွက်လည်း တောင်ကိုရီးယားကို ချီးကျူး ကျေးဇူးတင် စကား ပြောခဲ့ပါတယ်။

ကင်ဂျုံအွန်းရဲ့ နှမဖြစ်သူ ကင်ယိုဂျောင် (Kim Yo-jong) ဦးဆောင်တဲ့ အိုလံပစ် ကိုယ်စားလှယ် အဖွဲ့ မြောက်ကိုရီးယားကို ပြန်ရောက်အပြီးမှာ အခုလို ဆိုခဲ့တာပါ။

ကိုယ်စားလှယ်အဖွဲ့ရဲ့ အစီရင်ခံစာကို ရရှိပြီးနောက်မှာ ခေါင်းဆောင်ကင်က နှစ်ထောင်းအားရ ရှိကြောင်း ပြောတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကေစီအန်အေက သတင်းထုတ်ပြန်ပါတယ်။ 

အဲဒီမှာ မြင်နေကျ ပုံစံမဟုတ်ဘဲ ကင်ဂျုံအွန်းကို နှမဖြစ်သူ ကင်ယိုဂျောင်နဲ့ မြောက်ကိုရီးယား ရုပ်ပြ ခေါင်းဆောင် သမ္မတ ကင်ယုံနမ်တို့က တဖက်တချက်ကနေ ခေါင်းဆောင်ကင်ကို လက်တွဲ ထားတဲ့ ဓာတ်ပုံကိုလည်း တွေ့ရပါတယ်။

အမေရိကန်အနေနဲ့လည်း မြောက်ကိုရီးယားကို တွေ့ဆုံ ဆွေးနွေးဖို့ လမ်းဖွင့်ပေးထားတယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းဘက်ကလည်း ဆိုထားပါတယ်။

ဒါက အမေရိကန် ဒုတိယ သမ္မတ မိုက်ပန့်စ် အိုလံပစ်ပွဲက ဝါရှင်တန်ကို အပြန် လမ်းမှာ ဝါရှင်တန်ပို့စ်သတင်းစာကို ပြောခဲ့တယ် ဆိုတဲ့ "မြောက်ကိုရီးယားဘက်က ဆွေးနွေးဖို့ ဆန္ဒရှိရင် အမေရိကန်ဘက်ကလည်း တွေ့ဆုံဖို့ရှိတယ်" ဆိုတာကို ကိုးကားပြီး ဆိုတာလား ဆိုတာကိုတော့ တောင်ကိုရီးယား သမ္မတ က ကွဲကွဲပြားပြား ဆို မသွားပါဘူး။

တောင်ကိုရီးယား အရှေ့ တောင်ပိုင်း ပြုံးချမ်းမှာ ကျင်းပနေတဲ့ ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို မြောက်ကိုရီးယား အားကစားအဖွဲ့ တက်ရောက်လာတာကို ၂ နိုင်ငံကြား သိသိသာသာ နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်လာနိုင်တဲ့ ဖြစ်ရပ် အဖြစ် ရှုမြင်ကြသလို တဖက်မှာလည်း ဒါက မြောက်ကိုရီးယား အတွက် ဝါဒဖြန့်ချိရေး အောင်ပွဲ ဖြစ်သွားမလား ဆိုတဲ့ စိုးရိမ်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ 

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။