ပုရွက်ဆိတ်တွေမှာ တိုက်ခိုက်ရေး ပုရွက်ဆိတ်၊ လုပ်သားများအပြင် ဆေးတပ်သားတာဝန် ထမ်းဆောင်တဲ့ ပုရွက်ဆိတ်များလည်း ရှိနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရတယ်လို့ CGTN မှ ဖေဖော်ဝါရီ ၁၄ တွင် ဖော်ပြထားပါတယ်။အာဖရိက Matabele ပုရွက်ဆိတ်များမှာ ဒဏ်ရာရရှိတဲ့ တိုက်ပွဲဝင် ပုရွက်ဆိတ် ရဲဘော်များကို ပြန်လည်သက်သာလာအောင် ပြုစုကုသပေးတဲ့ အဖွဲ့ရှိကြောင်း သက်တမ်းနှစ် ၃၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ နာမည်ကျော် ဇီဝဗေဒဂျာနယ် Royal Society B မှာ ဖော်ပြထားပါတယ်။

အာဖရိကတိုက်ရဲ့ ကြောက်ခမန်းလိလိ စွမ်းရည်ပိုင်ဆိုင်ထားတဲ့ စစ်သည်တော်တွေကို အစွဲပြုမှည့်ခေါ်ထားတဲ့ Matabele ပုရွက်ဆိတ်တွေဟာ ပုရွက်ဆိတ်စစ်သည် ၂၀၀ - ၆၀၀ အတွင်း ပါဝင်ဖွဲ့စည်းတဲ့ စစ်ကြောင်းတွေနဲ့ ၎င်းတို့ထက် ပိုမိုကြီးမားတဲ့ ခြကောင်ကြီးများကို အမဲလိုက်လေ့ ရှိကြပါတယ်။ ပုရွက်ဆိတ် စစ်သည်တွေဟာ များသောအားဖြင့် ခြေလက်တွေမှာ ခြတွေရဲ့ ကိုက်ခဲမှုကိုခံရပြီး ဒဏ်ရာရရှိကြတာ ဖြစ်ပါတယ်။

အဆိုပါ ပုရွက်ဆိတ်တွေက တိုက်ပွဲဖြစ်ပွားရာ ဒေသမှ ဒဏ်ရာရ ပုရွက်ဆိတ်များကို သယ်ထုတ်သွားပြီးနောက် တွင်း၊ သစ်ခေါင်း စတဲ့ နေထိုင်အိမ်ကို ခေါ်ဆောင်သွားကြောင်း၊ ဒဏ်ရာရတဲ့ ပုရွက်ဆိတ်တွေရဲ့ ပတ်လည်မှာ ဝိုင်းဖွဲ့လျက် အတူနေပုရွက်ဆိတ်များမှ ပွင့်ထွက်နေတဲ့ ဒဏ်ရာများကို လျက်ပေးခြင်းဖြင့် ကုသမှု ဝိုင်းဝန်းပြုလုပ်ကြကြောင်း သိရပါတယ်။ဒီလိုကုသမှု ပြုလုပ်ခြင်းကြောင့် ဒဏ်ရာနဲ့ သေဆုံးနိုင်ချေရှိတဲ့ စစ်သားပုရွက်ဆိတ်ရဲ့ ၈၀% ကို ၁၀% သို့ လျှော့ချပေးနိုင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။ဒီလေ့လာမှုအရ ပုရွက်ဆိတ်တွေက လူသားတွေအပြင် သူနာပြုလုပ်ငန်း ဆောင်ရွက်တတ်တဲ့ အလေ့အထရှိတဲ့ ကမ္ဘာပေါ်က နောက်ထပ်သတ္တဝါတစ်မျိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ 

Source : Opinion Leaders (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။