ပဲရစ်မြို့ဆိုတာနဲ့ အီဖယ်တာဝါကြီးရှိရာ ပြင်သစ်ရဲ့ ကမ္ဘာကျော်မြို့ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီအီဖယ်တာဝါကြီးနဲ့ ပဲရစ်မြို့ဟာ တရုတ်နိုင်ငံမှာလည်း ရှိနေတယ်ဆိုရင် မသိသေးတဲ့မိတ်ဆွေတွေ အံသြသွားနိုင်ပါတယ်။ တရုတ်နိုင်ငံမှာရှိတဲ့ ပဲရစ်မြို့ကတော့ Zhejiang ပြည်နယ် Hangzhou မြို့က Tianducheng ဆိုတဲ့နေရာမှာ တည်ရှိနေပါတယ်။ အီဖယ်တာဝါကို ပုံစံတူလုပ်တာကတော့ နိုင်ငံများများမှာ ရှိပေမယ့် အတုလုပ်တဲ့နေရာမှာ ပထမဖြစ်တဲ့တရုတ်ကတော့ တာဝါတင်မက ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ပုံစံတူလုပ်ထားတာပဲဖြစ်ပါတယ်။ အကျယ်အဝန်း ၃၁စတုရန်းကီလိုမီတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ ၊ ရုပ်တုတွေကအစ တကယ့်အီဖယ်မျှော်စင်ဝန်းကျင်နဲ့တူအောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ ဒီနေရာမှာတည်ဆောက်ထားတဲ့ အီဖယ်မျှော်စင်အတုက ပေ ၁၀၀ မြင့်ပါတယ်။  

မူရင်း အီဖယ်မျှော်စင်ရဲ့ ၃ပုံ ၁ပုံ ရှိတယ်လို့ ဆိုရမှာပါ။ ၂၀၀၇ ခုနှစ်တည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အောက်က ဓာတ်ပုံတွေကတော့ ပဲရစ်အခြေစိုက် ဓာတ်ပုံဆရာ François Prost က ရိုက်ကူးထားတာဖြစ်ပါတယ်။ ပြင်သစ်က ပဲရစ်မျှော်စင်တစ်ဝိုက် နဲ့ တရုတ်က ပဲရစ်မျှော်စင် ဘယ်လောက်တူကြောင်း တစ်နေရာချင်းစီ ရိုက်ပြထားတဲ့ Paris Syndrome ခေါ်တဲ့ ဓာတ်ပုံစီးရီးဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းကတော့ အီဖယ်မျှော်စင်ပတ်ဝန်းကျင်နဲ့ ဆွဲဆောင်ပြီး အနီးအနားက အဆောက်အအုံ ၊ တိုက်ခန်းတွေကို ရောင်းချဖို့ဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ခြံမြေလုပ်ငန်းတွေရဲ့ အစီအစဉ်မအောင်မြင်ခဲ့ပါဘူး။ အကြောင်းကတော့ ဒီနေရာဟာ လူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် တကယ်တမ်းတော့ အနီးအနားက လူတချို့ပဲ လာရောက်လည်ပတ်လေ့ရှိပါတယ်။ 

လွန်ခဲ့တဲ့ ၄နှစ်တည်းက တိုက်ခန်းတွေ အဆောက်အအုံတွေကိုရောင်းချခဲ့ပေမယ့် ဝယ်ယူသူနည်းပါးခဲ့ပါတယ်။ အဲဒီနောက် တဖြည်းဖြည်းဝယ်ယူသူများလာပြီး အခုအချိန်မှာဆိုရင်တော့ အဲဒီနေရာတစ်ဝိုက်မှာ နေထိုင်တဲ့ လူဦးရေဟာ ၃သောင်းခန့်ရှိသွားပါပြီ။ ဒီနေရာကိုတော့ City of Lights လို့အမည်ပေးထားပါတယ်။ကဲ ပြင်သစ်ပဲရစ် နဲ့ တရုတ်ပဲရစ် ဘယ်လိုကွာလဲ တရုတ်တွေရဲ့အတုပညာဘယ်လောက်တော်လဲ အောက်ကပုံတွေမှာ နှိုင်းယှဉ်ကြည့်ရှု့နိုင်ပါတယ်။ ဘယ်ဘက်က တရုတ်ပဲရစ်ဖြစ်ပြီး ညာဘက်ကတော့ ပြင်သစ်ပဲရစ် ဖြစ်ပါတယ်။

Source : မယုံရင်ပုံပြင်မှတ် (Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။