တက္ကသိုလ်၊ ကောလိပ် ၂၀ ကျော်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်သင်ကြားမယ့် စစ်ပညာသင်တန်းတွေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ တပြိုင်တည်း စတင်ဖွင့်လှစ်လိုက်ပါတယ်။ ၂ဝ၁၇-၁၈ ပညာသင်နှစ်အတွက် လေ့ကျင့်ရေးသင်တန်းဖွင့်ပွဲတွေကို ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နဲ့ မော်လမြိုင်တက္ကသိုလ်တို့မှာ အသီးသီးပြုလုပ်ခဲ့ပြီး တက္ကသိုလ်နဲ့ ကောလိပ် ၂၄ ခုက သင်တန်းသား စုစုပေါင်း ၄၂၇ဝ ယောက်ရှိတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ဆန္ဒပြုတဲ့ တက္ကသိုလ် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်မယ့် တက္ကသိုလ်စစ်ပညာသင်တန်းများမှာ စစ်ရေးပြ၊ လက်နက်ငယ်၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု၊ စစ်နည်းဗျူဟာ၊ သောင်းကျန်းသူ နှိမ်နင်းရေး၊ အုပ်ချုပ်မှု ဘာသာရပ်၊ သဘောတရားရေး ဆိုင်ရာ ဘာသာရပ်၊ စက်ပစ်ကွင်း ပစ်ခတ်စဉ်၊ အနီးကပ် တိုက်နည်း(သိုင်း)၊ မြေပုံဖတ်နည်း၊ စစ်မြေပြင် အင်ဂျင်နီယာ၊ ကျန်းမာရေး၊ ရှေးဦး သူနာပြု၊ စုပေါင်း လေ့ကျင့်ခန်း စတဲ့ ဘာသာရပ်တွေကို လေ့ကျင့် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်လေ့ကျင့်ရေးသင်တန်းမှာ ပထမနှစ် အခြေခံစစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၄ ပတ်၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁၅ ပတ်၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်းကို ရက်သတ္တပတ် ၁ဝ ပတ်၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာ သင်တန်း ကို ရက်သတ္တပတ် ခုနစ်ပတ် ဖွင့်လှစ် သွားမှာလည်း ဖြစ်ပါတယ်။

အခု ဖွင့်လှစ်လိုက်တဲ့ စစ်ပညာသင်တန်းမျိုးကို အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်က တက္ကသိုလ်လေ့ကျင့်ရေးတပ် ဆိုပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ဖူးပါတယ်။ လက်ရှိ တက္ကသိုလ်၊ကောလိပ် မှကျောင်းသား၊ကျောင်းသူမာျးစွာက အဆိုပါစစ်ပညာကို စိတ်ပါဝင်စားစွာသင်ယူနေကြတာ တွေ့ရပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။