နာမည်ကြီး ထိပ်တန်းသရုပ်ဆောင်တွေဖြစ်ကြတဲ့ မြင့်မြတ်နဲ့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့ ပါဝင်ရိုက်ကူးထားကြတဲ့ "ကောလိပ်ဂျပိုး" ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသလျက်ရှိနေပြီး အကြောင်းအရာမျိုးစုံနဲ့ ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ရှုနှုန်းများပြားနေပေမယ့် မြန်မာပြည်ရဲ့ နာမည်ကြီး movie review page အများစုရဲ့ bad review ကိုသာ ရရှိခဲ့ပါတယ်။

ယနေ့ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မနက်ပိုင်းမှာတော့ ကောလိပ်ဂျပိုးရဲ့ facebook page ကနေတဆင့် bad review ရေးသားသူတွေဆီက ငွေညှစ်ခံရတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သတ်ပြီး နာမည်ကြီး movie review page တစ်ခုဖြစ်တဲ့ M- MDB ကလည်း ယခုလို တုန့်ပြန်ရေးသားထားတာ တွေ့ရပါတယ်။ 

"သို့

လပ်ကီးဆဲဗင်း (Lucky Seven) ရုပ်ရှင်ထုတ်လုပ်ရေး

Lucky Seven Film & Video Production

ကိုအုန်းဝင်း + မအေးအေးဝင်း နှင့်

ကောလိပ်ဂျပိုး Facebook Page

အကြောင်းအရာ ။ ။ "ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး" သတင်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိသော ကြေညာချက်ထုတ်ပြန်ပေးရန်

(၁၅.၀၂.၂၀၁၈) ယနေ့နံနက် မြန်မာစံတော်ချိန် ၉ နာရီ ၅၀ မိနစ်ခန့်တွင်လူကြီးမင်းတို့ ကောလိပ်ဂျပိုး Page မှတဆင့် "ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး" ဆိုသည့်ခေါင်းစဉ်နှင့် post တစ်ခုတင်ခဲ့ပါသည်။

post ပါ အကြောင်းအရာ အကျဉ်းချုပ်မှာ ရုပ်ရှင် review ရေးသူ(များ)အနေဖြင့် လူကြီးမင်းတို့ထံမှ ငွေကြေးပမာဏ တစ်စုံတစ်ရာရခဲ့လျှင် ကောလိပ်ဂျပိုး ဇာတ်ကား အကြောင်း မကောင်းမရေးတော့ဟုဆိုသော ကမ်းလှမ်းမှုပြုလုပ်ခြင်းကို ပရိသတ်ကို အသိပေးခဲ့ခြင်းဖြစ်သည်။

ဤpost ကို ဖတ်မိပြီးသည့်နောက် M-MDB အနေဖြင့် များစွာအံ့သြမိပါသည်။ ပြုပြင်ပြောင်းလဲမှုများနှင့် တိုးတက်အောင်လုပ်ဆောင်နေသည့် မြန်မာ့ရုပ်ရှင်လောကအတွက် ယခုကဲ့သို့ လုပ်ရပ်မျိုးက ပြင်းထန်သည့် ခြိမ်းခြောက်မှုဖြစ်ခြင်းကြောင့်ပင်။ ယခုလိုကိစ္စမျိုးကို အများပြည်သူသို့ အသိပေးအကြောင်းကြားသော လူကြီးမင်းတို့ကိုလည်း လေးစားမိပါသည်။

တစ်ဖက်တွင်လည်း လူကြီးမင်းတို့အနေဖြင့် ဤသို့ထုတ်ပြန်ရာတွင်-

(၁)အချက်အလက်၊ အထောက်အထား မပြည့်စုံခြင်း၊

(၂)အရေးအသား လေးနက်မှုမရှိခြင်းကြောင့် သို့လော သို့လောဖြစ်စရာ နောက်ဆက်တွဲကိစ္စများ ပေါ်လာပါသည်။

ရုပ်ရှင်သတင်းနှင့် သုံးသပ်ချက်များကို အခါအားလျော်စွာ တင်ပြလေ့ရှိသည့် ကျွန်တော်တို့ M-MDB Page သည် မြန်မာဇာတ်ကားပေါင်းများစွာကိုလည်း သုံးသပ်မှု ပြုလုပ်လာခဲ့ပြီး၊ Facebook သုံးစွဲသူတို့၏ အားပေးထောက်ခံမှုကို အတိုင်းအတာတစ်ခုအထိ ရရှိထားသော အမှီအခိုကင်းသည့် Page တစ်ခုဖြစ်ပါသည်။

လူကြီးမင်းတို့ ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ယခုအကြောင်းအရာပါ ဇာတ်ကားဖြစ်သည့် "ကောလိပ်ဂျပိုး" နှင့်ပတ်သက်၍လည်း M-MDB မှ သုံးသပ်ချက်တစ်ခုကို တင်ပြခဲ့ပြီးဖြစ်ပါသည်။ Reaction 6K ကျော် ...၊ share 2K ကျော်နှင့် ပို့စ်အောက်တွင် အပြန်အလှန်ပေးသော ထင်မြင်ချက်များ 1K ကျော် ရရှိခဲ့သော အဆိုပါpost တွင် "ကောလိပ်ဂျပိုး" ကို ဆိုးဝါးသည့်ဇာတ်ကားဟု သုံးသပ်ခဲ့ခြင်းကြောင့် လူကြီးမင်းတို့ဘက်မှ "Bad Review" အဖြစ် သတ်မှတ်မည့် သုံးသပ်ချက်တစ်ခု ဖြစ်ခဲ့ပါသည်။

ထို့ကြောင့် ကောလိပ်ဂျပိုး page မှယနေ့တင်ခဲ့သည့်post နှင့် ၄င်းသုံးသပ်ချက်အား ဆက်စပ်မိသူ ပရ်ိသတ်များက M-MDB page အား page Messenger မှတဆင့် ဆက်သွယ်စုံစမ်းမှုများ ပြုလုပ်လာခဲ့ကြပါသည်။

ဤသို့မေးမြန်းခံရခြင်း၊ အထင်လွဲခံရခြင်းမှာ M-MDB ၏သိက္ခာကို သွယ်ဝိုက်၍ စော်ကားခံရခြင်းဟု မှတ်ယူမိပါသည်။

ကျွန်တော်တို့သည် ရုပ်ရှင်ကိုချစ်မြတ်နိုးသည့် လူငယ်များနှင့် ဖွဲ့စည်းထားသော Page တစ်ခုဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောက တိုးတက်စေလိုသော စေတနာတစ်ခုတည်းဖြင့် မြန်မာ့ရုပ်ရှင်ကားများကို ကြည့်ရှုခြင်း၊ လိုအပ်ချက်များရှိပါက ထောက်ပြခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

အထက်မှာဆိုခဲ့သလိုပင် ကျွန်တော်တို့ Page သည် အမှီအခိုကင်းပြီး မည်သည့်အဖွဲ့အစည်း၏ ကျောထောက်နောက်ခံမှီခိုမှုမရှိဘဲ Page မှာ ပါဝင်နေသည့် Admin တိုင်း၏ ကိုယ်ပိုင်စိုက်ထုတ်မှုနှင့် လွတ်လပ်စွာရပ်တည်နေသည့် Page တစ်ခုဖြစ်ပါသည်။

ယနေ့ ကောလိပ်ဂျပိုးpage တွင် တင်ခဲ့သောpost မှာ ရည်ရွယ်ချက်ကောင်းမွန်သော်ငြား အထောက်အထား မပြည့်စုံခြင်းကြောင့် ကျွန်တော်တို့ page အပေါ် ယုံကြည်ရမှုသည် ပရ်ိသတ်အကြား သံသယဝင်စရာ ဖြစ်ခဲ့ရပါသည်။ ထို့ပြင် ကျွန်တော်တို့ကဲ့သို့ မြန်မာ့ရုပ်ရှင်လောကတိုးတက်စေရန် ရည်ရွယ်လျက် အပြုသဘောဆောင် ဝေဖန်ထောက်ပြနေသော "DatShin", International Movie News - IMN အစရှိသည့် page များနှင့် အခြား ရုပ်ရှင်သုံးသပ်သူများမှာ မှားယွင်းသည့် စွပ်စွဲမှုများကို ခံစားလာရနိုင်ပါသည်။

ထို့ကြောင့် လူကြီးမင်းတို့ "ကောလိပ်ဂျပိုး" page တွင်တင်ခဲ့သော "ငွေညှစ်ခံရတဲ့ ကောလိပ်ဂျပိုး" post နင့် ပတ်သက်သည့် အချက်အလက် အထောက်အထားများကို အများသိစေရန်အတွက် ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးရန် M-MDB Page ကနေ တောင်းဆိုလိုက်ပါသည်။

ထိုမှသာ အရည်အသွေးပိုင်း နိမ့်ကျလျက်ရှိသော ရုပ်ရှင်လောကတွင် အကျင့်ပျက်ခြစားမှုများနှင့် အခွင့်အရေးသမားများပါ ရှိနေသလောဟူသည့် မေးခွန်းအား ပြတ်သားစွာ ဖြေရှင်းနိုင်မည်ဖြစ်သလို၊ ကျွန်တော်တို့ သုံးသပ်သူများအပေါ် ကျရောက်နေသည့် သံသယများလည်း ရှင်းလင်းသွားနိုင်မည် ဖြစ်ပါသည်။ ထိုမှသာ ကောလိပ်ဂျပိုး ဇာတ်ကား ကြော်ငြာမှုကို တာဝန်ယူထားသူများ၏ ဂုဏ်သိက္ခာကိုလည်း သေချာစွာ တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် "ကောလိပ်ဂျပိုး" ဇာတ်ကား တာဝန်ရှိသူများ အနေဖြင့် အကြောင်းအရာပါ post ၏ အသေးစိတ်အချက်အလက်များကို အမြန်ဆုံး ထုတ်ပြန်ပေးပါရန် တိုက်တွန်းလိုက်ပါသည်။

~ M-MDB Admin Team ~

#MMDB_Request #AdminTeam #BurmeseFilms" ဆိုပြီး ရေးသားတင်ထားခဲ့ပါတယ်။ 

Source: M-MDB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။