ရခိုင်အရေး အတွက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အထူး အစည်းအဝေး ကျင်းပရန် ဒေါ်အောင်ဆန်းစုကြည် စီစဉ်

မြန်မာနိုင်ငံ၏ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် အထူး အစည်းအဝေး တစ်ရပ် ကျင်းပရန် စီစဉ် ထားကြောင်း Nikkei Asian Review သတင်းဌာနတွင် ဖော်ပြထားသည်။

ဒီဇင်ဘာလ၊ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားသည့် ယင်း အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးအပေါ် နိုင်ငံတကာက စိုးရိမ်နေမှုများနှင့် ပတ်သက်ပြီး ဆွေးနွေး သွားမည်ဟု ဖော်ပြထားသည် ကိုလည်း တွေ့ရသည်။ ယခု အကြိမ်သည် ရခိုင်အရေးနှင့် ပတ်သက်ပြီး အစည်းအဝေး ကျင်းပရန် အခြား အာဆီယံ နိုင်ငံများကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် စတင် ဆင့်ခေါ်ခြင်းလည်း ဖြစ်သည်။

ထိုကဲ့သို့ မြန်မာနိုင်ငံဘက်က အစည်းအဝေး တစ်ရပ် ဆင့်ခေါ်ရန် ဆုံးဖြတ် ထားသည့် အကြောင်းကို ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့က ဘာလီတွင် ကျင်းပခဲ့သည့် အာဆီယံ အကြီးတန်း အရာရှိများ အစည်းအဝေးတစ်ရပ်တွင် ကျန်နိုင်ငံများကို မြန်မာနိုင်ငံက အသိပေးခဲ့ခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံများထဲတွင် မူစလင် ဘာသာဝင် အများစု ရှိသည့် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ တို့သည် မြန်မာနိုင်ငံရှိ မူစလင် ဘာသာဝင် ဘင်္ဂါလီများ အရေးနှင့် ပတ်သက်ပြီး အထူး စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားထားသည့် နိုင်ငံများ ဖြစ်သည်။

ဒီဇင်ဘာလ၊ ၆ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည် ၏ ဖိတ်ခေါ်မှုအရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီသည် နေပြည်တော်သို့ လာရောက်ပြီး ရခိုင်ပြည်နယ် အခြေအနေနှင့် ပတ်သက်၍ အင်ဒိုနီးရှား နိုင်ငံ၏ စိုးရိမ်မှုကို ထုတ်ဖော် ပြောကြားထား ခဲ့ကြောင်း Nikkei Asian Review ကဖော်ပြထားသည်။

Source: The Voice

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။