ဖေဖေ၊ မေမေတို့ပဲ ဖြစ်ဖြစ်၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တွေပဲ ဖြစ်ဖြစ် ဒီအကြောင်းအရာလေးကို ကျန်းမာရေး ဗဟုသုတအဖြစ် သိထားသင့်ပါတယ်။ ရှေးရိုးရာ အစဉ်အလာအရရော၊ လွဲမှားတဲ့ အယူအဆတွေ အရရော ကျန်းမာရေးနဲ့ ပတ်သက်ပြီး အငြင်းအခုံလေးတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အခုဖော်ပြမယ့် အကြောင်းအရာလေးကတော့ မွေးကင်းစ ကလေးငယ်များအတွက် မဖြစ်မနေ သိထားသင့်တဲ့ ရှောင်ရန်၊ ဆောင်ရန်များပဲ ဖြစ်ပါတယ်။ 

(၁) ကလေးမွေးပြီးပြီးချင်း ရေမချိုးသင့်ပါ။

ကလေးကို မွေးပြီးပြီးချင်း ရေချိုးပေးခြင်း၊ ရေပတ်တိုက်ခြင်းကို မပြုလုပ်ရဘဲ နွေးထွေးတဲ့ အဝတ်နဲ့သာ အညစ်အကြေးအားလုံး ပြောင်စင်အောင် သန့်ရှင်းပေးဖို့ပဲ လိုအပ်ပါတယ်။ ကလေးကိုယ်ပေါ်မှာ ကျန်ရှိနေမယ့် ဖြူဖွေးဖွေး အဖတ်လေးတွေကိုတော့ ပြောင်စင်သွားအောင် ပွတ်တိုက်နေစရာ မလိုပါဘူး။ ဒီအဖတ်လေးတွေက ကလေးရဲ့ အရေပြားကို အကာအကွယ်ပေးပြီး အပူ၊ အအေးဒဏ် ခံနိုင်တာမို့ ဒီအတိုင်း ဆက်ထားသင့်ပါတယ်။ နောက်ရက်ပိုင်းအတွင်း သူ့အလိုလို ပျောက်ကွယ်သွားပါလိမ့်မယ်။

(၂) ကလေးကို မချီပွေ့ခင် လက်တွေကို စင်ကြယ်အောင် ဆေးကြောပါ။

ပိုးမွှားတွေ အလွယ်မဝင်ရောက်နိုင်အောင် ကလေးကို ချီတော့မယ်ဆိုရင် အရင်ဆုံး လက်တွေကို သေချာဆေးကြောသန့်စင်ပြီးမှ ချီသင့်၊ နို့တိုက်သင့်ပါတယ်။ ကလေးကို လူအများကြီး ဝိုင်းအုံကြည့်တာ၊ ဖက်တာ၊ နမ်းတာတွေက မွေးကင်းစကလေးအပေါ် အလွယ်တကူ ရောဂါကူးစက်စေနိုင်လို့ မိခင်များအနေနဲ့ အထူး သတိထားသင့်ပါတယ်။

(၃) ကလေးချက်ထဲကို ဘာမှမထည့်သင့်ဘူး။

ကလေးချက်ထဲကို သန့်ရှင်းခြောက်သွေ့အောင် ထားမယ်ဆိုရင် ရက်ပိုင်းအတွင်း သူ့အလိုလို ကြွေကျသွားမှာ ဖြစ်ပါတယ်။ ချက်ထဲကို ဆေးတို့ဖတ်ကြီးနဲ့ အခြားသော ဗမာဆေးများအားလုံး ဘာမှ ထည့်စရာမလိုပါဘူး။ ချက်နဲ့ ပတ်သတ်ပြီး ပြသနာ တစ်ခုခု ဖြစ်တယ် ဆိုရင်တော့ ကလေးအထူးကု ဆရာဝန်နဲ့သာ ပြသတိုင်ပင်သင့်ပါတယ်။

(၄) ကလေးကို ရေစ ချိုးတဲ့အခါ သတိထားပါ။

ကလေးချက်တိုင် ကောင်းစွာကျက်ပြီးမှ ကလေးကို ရေချိုးပေးသင့်ပါတယ်။ ကလေးကို ရေချိုးတဲ့အခါ ခေါင်းလေး မ ပြီး ရေမမွန်းအောင် သတိထားကာ သန့်ရှင်းပေးသင့်ပါတယ်။ ကလေးနှာခေါင်းနဲ့ ပါးစပ်ထဲ ရေဝင်ရောက်ပြီး အသက်ရှူလမ်းကြောင်းထဲအထိ ရေဝင်သွားနိုင်လို့ ကလေးခေါင်းပေါ်ကို ရေမလောင်းသင့်ပါဘူး။ 

(၅) အသက် ၆ လ ပြည့်ပြီးမှသာ မွေးစ ဆံပင်တွေကို ရိတ်ပါ။

မွေးကင်းစ ကလေးတွေအတွက် သူ့ဆံပင်လေးနဲ့ သူ့ခေါင်းလေးပေါ် ဖုံးအုပ်နေတာက အပူဒဏ် အအေးဒဏ်ကို အတော်လေး ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ဆောင်းတွင်းမွေးတဲ့ ကလေးတွေကို ကတုံးပြောင်လေးတွေနဲ့ မထားသင့်ပါဘူး။ အသက် ၆ လ ပြည့်ပြီးမှသာ ဆံပင်တွေ ရိတ်ပစ်တာ မျိုး ပြုလုပ်ပေးသင့်ပါတယ်။

(၆) ကလေးဝမ်းပျက်တဲ့အခါ ဘာဆေးမှ မလိမ်းပါနဲ့။

မွေးကင်းစပဲဖြစ်ဖြစ် လသားနဲ့ ကလေးကြီးပဲဖြစ်ဖြစ် အထက်ပါ လက္ခဏာတွေ ဖြစ်လာရင် တိုင်းရင်းဆေး လိမ်းဆေးတွေ ပရုတ်ဆီတို့ကို ဗိုက်ပေါ် ရင်ဘတ်ပေါ် ကျောဘက်ပေါ်အနှံ့ လိမ်းကျံပေးလေ့ ရှိကြပါတယ်။ အဲဒါမျိုး မလုပ်သင့်ပါဘူး။ ဖျားနာနေတဲ့ ကလေးကိုလည်း အဲဒီလို ဆေးပူဆေးပြင်းလိမ်းဆေးတွေ မလိမ်းပေးသင့်ပါဘူး။ ကလေးတွေရဲ့ ရောဂါလက္ခဏာတွေ မသက်သာတဲ့အပြင် ကလေးမှာ ဝမ်းပိုသွားတာ ၊ မအီမသာဖြစ်တာ ၊ ဆေးကြောင့် အရေပြား အပူလောင်တာတွေတောင် ပိုဖြစ်လာစေပါတယ်။ ကလေး ၀မ်းပျက်တဲ့အခါ ဗိုက်နာတဲ့အခါ ဆရာဝန်နဲ့သာ ပြသတိုင်ပင်သင့်ပါတယ်။

(၇) လှုပ်ရမ်းရင် ကလေးကို မချော့မြှူ သင့်ပါဘူး။

ဒီအချက်က အများစု မှားယွင်းလေ့ ရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မွေးကင်းစ ကလေးကို ချော့မြူတဲ့ အခါ လှုပ်ရမ်းပြီး ချော့မြူခြင်းက ကိုယ်တွင်းကလီစာတွေဟာ ထိခိုက်ပျက်စီးလွယ်ပါတယ်။ အသာအယာပွေ့ပိုက်ပြီးတော့သာ ချော့မြူသင့်ပါတယ်။

မွေးလာတုန်းက ပကတိ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးတွေဖြစ်သော်လည်း မိဘတွေ၊ ပြုစုစောင့်ရှောက်တဲ့ သူတွေအနေနဲ့ သတိထား ဆင်ခြင်နိုင်ဖို့ ဒီအချက်တွေကို ဖော်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်ကြပါစေရှင်။  

သတင်းအရင်းအမြစ် - ဒေါက်တာ မြမြချယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။