တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့တွင် Joint Training ပြုလုပ်လျက်ရှိသော ပဏာမ မြန်မာယူ-၁၈ လက်ရွေးစင် အသင်းသည် ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် Guangzhou Evergrande FC လူငယ်အသင်းနှင့် ပွဲစဉ်တွင် (၁-၂) ရလဒ်ဖြင့် အရေးနိမ့်ခဲ့သည်။ ပွဲချိန် ၅မိနစ်တွင်ပင် ပြိုင်ဘက်အသင်းက ဂိုးစတင် သွင်းယူကာ ပွဲကို ဦးဆောင်ထားခဲ့သည်။ ပြိုင်ဘက်အသင်းမှာ မြန်မာလူငယ်တို့ထက် အသက်အရွယ်၊ ခန္ဓာကိုယ်အရွယ်အစား၊ ဘောလုံးပညာနှင့် ကြံ့ခိုင်မှု အစစအရာရာ သာလွန်ကောင်းမွန်ပြီး ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားခဲ့သည်။ သို့သော် အဖွင့်ဂိုး ပေးလိုက်ရပြီးနောက်ပိုင်း ပိုမိုတည်ငြိမ်လာသည့် မြန်မာအသင်းကို လွယ်လွယ်ကျော်ဖြတ်မရဘဲ ဖြစ်နေခဲ့ကာ မြန်မာအသင်းအနေဖြင့် တန်ပြန်ထိုးစစ်ဖြင့်သာ ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ ပထမပိုင်းတွင် မြန်မာတို့ ရရှိခဲ့သည့် ကန်သွင်းခွင့် နှစ်ကြိမ် ဂိုးပေါက်မတည့်၍ ဂိုးမရခဲ့ပေ။

ဒုတိယပိုင်းတွင် ပြိုင်ဘက်အသင်းကပင် ပွဲကို ဆက်လက် စိုးမိုးထားခဲ့ပြီး အသင်းလိုက် စုစုစည်းစည်း ဖျက်ထုတ်နေသည့် မြန်မာအသင်းကို ကျော်ဖြတ်နိုင်ဖို့ ပိုမို ကြိုးစားလာခဲ့သည်။ ပွဲချိန် ၆၁မိနစ်တွင် မြန်မာအသင်း တိုက်စစ် ကစားသမားများ တစ်ဖက်အသင်းနောက်တန်းကို လိုက်လံဖိအားပေးရာမှာ ပြိုင်ဘက် နောက်ခံလူ အမှားကို အခွင့်ကောင်းယူကာ ကွင်းလယ်ကစားသမား လွင်မိုးအောင်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့၍ မြန်မာတို့ ချေပဂိုး ရခဲ့သည်။ သို့သော် ပွဲပြီးခါနီး ၅မိနစ်အလိုတွင် တစ်ဖက်အသင်းက တန်ပြန်ထိုးစစ်မှ တစ်ဆင့် မြန်မာအသင်းဘက်သို့ ဦးဆောင်ဂိုး ပြန်လည် သွင်းယူခဲ့ပြီး (၂-၁) ရလဒ်ကို ဖော်ဆောင်ခဲ့သည်။

ယခုပွဲစဉ်တွင် ပြိုင်ဘက်အသင်းက ရရှိသည့် ဂိုးနှစ်ဂိုး အပါအဝင် ဂိုးပေါက် လေးကြိမ်တည့်ခဲ့ပြီး တစ်လုံး တိုင်ထိထွက်ကာ တစ်လုံးကို မြန်မာလူငယ် ဂိုးသမား ထွန်းနန္ဒဦး ကာကွယ်နိုင်ခဲ့သည်။ မြန်မာအသင်းမှာမူ ရရှိသည့် ဂိုးအပါအဝင် ဂိုးပေါက် ၅ကြိမ်တည့်ခဲ့ပြီး တစ်လုံးတိုင်ထိ၊ သုံးကြိမ်တိတိ ဂိုးသမား ကာကွယ်သွားခဲ့သည်။ ထူးခြားမှုအနေဖြင့် ပြိုင်ဘက်အသင်းဘက်တွင် တရုတ်စူပါလိဂ် လက်ရှိချန်ပီယံ Guangzhou Evergrande FC အသင်းက အသစ်ခေါ်ယူထားသည့် အသက် ၂၉နှစ်အရွယ် နောက်ခံလူ ဇန်ချင်းလင်း ပထမ ၄၅မိနစ် ဝင်ရောက်ကစားသွားခဲ့သည်။

မြန်မာလူငယ်အသင်းသည် လာမည့် ဒီဇင်ဘာလ ၁၅ရက်နေ့ ညနေ ၃နာရီအချိန်တွင် ကွမ်ဒုံးလူငယ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

Ref., MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။