အစ္စရေးဝန်ကြီးချုပ်ကတော့ သူရဲ့နိုင်ငံကို အီရန်နဲ့ သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့များ ကျုးကျော်ဝင်ရောက်လာမှုကို အပြင်းအထန်သတိပေးလိုက်ပြီး အစ္စရေးအနေနဲ့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့်လုပ်ရပ်ကို လုပ်မည်မဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်ခိုက် နီတန်ယာဟုသည် အီရန်အစိုးရအဖွဲ့မှ အာဏာရှင်များကို သတင်းစကားပါးလိုက်သည်ဟု ရည်ရွယ်ပြောဆိုကာ “အစ္စရေးတို့ရဲ့ သန္နိဋ္ဌာန်ကိုလာမစမ်းနဲ့” ဟု သတိပေးခဲ့သည်။

လအတွင်း ဆီးရီးယားတပ်ဖွဲ့များပါ၀င်သည့်တိုက်ပွဲများနှင့် ဆီးရီးယားနိုင်ငံရှိအခြေစိုက်စခန်းမှ အီရန်တို့ လွှတ်တင်လိုက်သည့် မောင်းသူမဲ့ဒရုန်းလေယာဉ်တို့ကြောင့် အစ္စရေးတို့နှင့် ၄င်းတို့၏မဟာရန်သူများကြား တင်းမာမှုများ အရှိန်မြှင့်တက်လာချိန်တွင် နီတန်ယာဟုက ယခုလို ရဲရတောက်မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

ဒါ့အပြင် နီတန်ယာဟုသည် မိန့်ခွန်ပေးရာစင်မြင့်ပေါ်၌ ထောင့်မှန်စတုဂံပုံ အစိမ်းရင့်ရောင် သတ္တုအပိုင်းအစ လေးကို ဝှေ့ယမ်းပြသခဲ့ပြီး “ဒီမှာ ကျနော်တို့ပစ်ချလိုက်လို့ ပျက်ကျသွားခဲ့တဲ့ အီရန်မောင်းသူမဲ့လေယာဉ်ရဲ့ အပိုင်းအစလေးဖြစ်ပါတယ်” ဟု ပြောခဲ့သည်။

ထို့နောက် ညီလာခံတွင်မိန့်ခွန်းပြောကြားခဲ့သည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ်ကို ရည်ရွယ်ပြီး သူက “ဒါပေမယ့် ဆီးရီးယားနိုင်ငံအတွင်းမှာ အီရန်တို့ ပါ၀င်ပက်သက်နေတယ်ဆိုတာကို မစ္စတာဇာရစ်ဖ်ဘက်က ငြင်းဆန်မယ်ဆိုတာ မလွဲဧကန်ပါပဲ” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး နီတန်ယာဟုက “မစ္စတာဇာရစ်ဖ်ရေ၊ ခင်ဗျားဒါလေးကို မှတ်မိလား။ ခင်ဗျားမှတ်မိသင့်ပါတယ်။ ဒါခင်ဗျားတို့ဟာပဲလေ” ဟု ပြောဆိုခဲ့ပြီး အီရန်တာဝန်ရှိသူများသည် စကားလုံးကောင်းကောင်းနှင့် လိမ်လည် လေ့ရှိသည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ထိုသို့ နီတန်ယာဟုဘက်မှ ပြောဆိုချက်များကို တု့ံပြန်သည့်အနေဖြင့် မစ္စတာဇာရစ်ဖ်က နီတန်ယာဟု၏ မိန့်ခွန်းမှာ ဆပ်ကပ်အဖွဲ့မှလူပြောဆိုသော ပြောင်ချော်ချော်စကားများဖြစ်ပြီး တု့ံပြန်ဖို့ပင်မထိုက်တန်ကြောင်း ပြက်ရယ်ပြုခဲ့သည်။

source - AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။