နှာခေါင်းသွေးလျှံတယ်၊ နှာခေါင်းသွေးယိုတယ် ဆိုတာက တော်တော်များများ ဖြစ်လေ့ ရှိတတ်ပြီး အထူးသဖြင့် ကလေးတွေမှာ ဖြစ်ကြပါတယ်။ ပုံမှန်အားဖြင့်တော့ ထိခိုက်ဒဏ်ရာကြောင့် ဖြစ်ခြင်း၊ နှာခေါင်းကို ကုတ်ဖဲ့မိလို့ ဖြစ်ခြင်း နှင့် နှပ်ညှစ်တဲ့အခါ အရမ်းအားသုံးလို့ ဖြစ်တတ်ပါတယ်။ နှာခေါင်းသွေးယိုတာကို မှန်မှန်ကန်ကန် မကုသမိရင်တော့ အချိန်ရှည်ကြာစွာ သွေးယိုတတ်ပြီး မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ရနိုင်ပါတယ်။ ဒ့ါကြောင့် နှာခေါင်းသွေးလျှံတဲ့အခါ အလုပ်သင့်ဆုံး အချက်များကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) လူနာကို ထိုင်ခိုင်းပါ

နှာခေါင်းသွေးယိုတာနဲ့လူနာကို ထိုင်ချခိုင်းပြီး ရှေ့ကို ခပ်ကုန်းကုန်းလေးနေပါစေ။ ဒါမှသာ နှာခေါင်းကနေ သွေးတွေ အပြင်ကို စီးသွားပြီး လည်ချောင်းထဲကို နောက်ပြန် မစီးတော့ဘူးပေါ့။ ဖြစ်နိုင်ရင်တော့ လူနာကိုင်တွယ်သူ အဖို့ သွေးနဲ့ တိုက်ရိုက်မထိတွေ့အောင် လက်အိတ် သုံးသင့်ပါတယ်။

(၂) နှာခေါင်းကို ညှစ်ပါ

နှာခေါင်းပေါက်ဝ အသားပျော့ပျော့နေရာကို ညှစ်ထားပြီး ပါးစပ်နဲ့ အသက်ရှုသင့်ပါတယ်။ နှာခေါင်းသွေးလျှံတဲ့အခါ သွေးတွေကို ရှူမသွင်းဖို့၊ မျိုမချဖို့၊ ချောင်းမဆိုးမိဖို့ သတိပေးပါ။ အတွင်းပြန် ရောက်တဲ့ သွေးတွေကခဲပြီး အသက်ရှူလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် သတိထားပါ။

(၃) နှာခေါင်းကို ပြန်စစ်ဆေးပါ

၁၀ မိနစ်ကြာအောင် နှာခေါင်းထိပ် အသားပျော့လေးကို ကို ပိတ်ထားပြီးရင် ပြန်လျှော့လိုက်ပါ။ ဒါမှ ထပ်ပြီး သွေးထွက်နေသေးရင်တော့ နောက်ထပ် ၁၀ မိနစ် ထပ်ပြီး ညှစ်ထားပေးပါ။

(၄) ရေခဲပတ်တင်ပါ

ရေခဲအိတ်ကို နှာခေါင်းရိုးပေါ် တင်ထားပါ။ အဲသလို လုပ်ထားကလည်း သွေးစီးကျမှုကို နှေးကွေးစေပါတယ်။

(၅) နှာခေါင်းနားကို ရေစိုအဝတ်လေးနဲ့ သန့်ရှင်းပေးပါ။

သွေးယိုကျနေတာရပ်သွားရင် လူနာရဲ့ နှာခေါင်းအပေါက်ဝတွေမှာ ရေစိုအဝတ်လေးနဲ့သန့်ရှင်းပေးပါ။ နှာခေါင်းကို ညှစ် ထုတ်တာ မလုပ်ဖို့နဲ့ အားစိုက်ပြင်းထန်တာတွေ ဘာမှ မလုပ်ဘဲ ၁၂ နာရီလောက်နေဖို့ တိုက်တွန်း သတိပေးပါ။

ဖော်ပြပါ နည်းလမ်းတွေကတော့ နှာခေါင်းသွေးယိုတဲ့အခါ အလွန်ထိရောက်တဲ့ လုပ်ဆောင်ချက်များဖြစ်ပြီး ဒီလို လုပ်နေရင်းရုံနဲ့ မပြီးဘဲ ဆရာဝန်နှင့် ပြသ တိုင်ပင်သင့်တဲ့ အခြေအနေများကိုလည်း တစ်ဆက်တည်း ဖော်ပြပေးလိုက်ပါတယ်။

- တပတ်မှာ တကြိမ်ထက် ပိုပြီး နှာခေါင်းသွေးယိုနေရင် ဆေးခန်းပြပါ။

- တချို့သွေးကျဲဆေးတွေကို သောက်နေရတဲ့ လူနာတွေမှာ သွေးယိုတာက မတိတ်တော့ဘူးဆိုရင် ဆေးခန်းအမြန်သွားပါ။

- ဦးခေါင်းကို ထုရိုက်တာမျိုးဖြစ်ပြီး နှာခေါင်းကနေ သွေးရည်ကျဲကျဲတွေ ထွက်နေရင် အရေးပေါ်ပြသပါ။

- အကြောင်းမဲ့ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုတာတွေ တွဲဖြစ်ပြီး ကိုယ်ပေါ်မှာ အညိုမည်းတွေစွဲလာ တာမျိုးဆိုရင်လည်း ဆေးကုသမှုခံယူဖို့ ပြသရပါလိမ့်မယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ တိုးပွားပြီး အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာသက်ဦး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။