လက်ရှိအချိန်အခါဟာ တပေါင်းလထဲဝင်ရောက်နေပြီဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံးကာ နှစ်သစ်ရောက်ရှိတော့မယ့် အချိန်ဖြစ်တဲ့အတွက် နောက်ဆုံးလဖြစ်တဲ့ တပေါင်းလနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပေးပါမယ်။

တပေါင်းလဟာ မြန်မာ့ပြက္ခဒိန်ရဲ့ ဆယ့်နှစ်လမြောက်လဖြစ်ပြီး အင်္ဂလိပ်ပြက္ခဒိန်ရဲ့ ဖေဖော်ဝါရီ နဲ့ မတ်လတွေအတွင်း ကျရောက်ပါတယ်။ ပထမလဝက်ဟာ ဆောင်းရာသီကနေ မလွတ်ကင်းသေးပဲ ဒုတိယလဝက်ရောက်မှသာ နွေရာသီအတွင်းဝင်ရောက်ပါတယ်။

ဆောင်းရာသီနဲ့ နွေရာသီတစ်ဝက်စီဖြတ်သန်းတည်ရှိတဲ့လဖြစ်လို့လည်း “နေ့ပူလို့ ညချမ်း၊ တပေါင်းလ လသရမ်း”လို့ ဆိုစမှတ်ပြုကြပါတယ်။ တပေါင်းလဟာ နောက်ဆုံးလဖြစ်တဲ့အပြင် ရက်ပေါင်း ၃ဝ ရက်ရှိပြီး ရက်စုံတဲ့လဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါ့အပြင် ထန်းဖိုပင်တွေကနေ ခံယူရရှိတဲ့ ထန်းရည်ကို ကျိုချက်ပြီး ထန်းလျက်ပြုလုပ်ကြတဲ့လလည်းဖြစ်ပါတယ်။ ၂၇ လုံးသော နက္ခတွေ စုပေါင်းထွက်ပေါ်ခြင်း၊ ထန်းရည်တွေပေါင်းစပ်ကျိုချက်တဲ့အတွက် ထန်းပေါင်းဆိုတဲ့ စကားလုံးကနေ ရွှေ့လျားပြောင်းလဲလာပြီး တပေါင်းလဖြစ်လာတယ်လို့ ဆိုကြပါတယ်။

တပေါင်းလရဲ့ ရာသီအထိမ်းအမှတ်ပန်းကတော့ သရဖီပန်းဖြစ်ပါတယ်။ ဒီလမှာ မြစ်တွေ၊ ချောင်းတွေ ရေစစ်ကာ သဲသောင်ပြင်တွေ ပေါ်ထွန်းကြတဲ့အတွက် သဲပုံစေတီတည်ကာ ရာသီပွဲတွေ ကျင်းပလေ့ရှိတယ်လို့ စာပေတွေမှာ ဆိုကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာတော့ သဲပုံစေတီပွဲတော်ကျင်းပတဲ့ ဓလေ့တွေက မှေးမှိန်သွားခဲ့ပြီး တပေါင်းလပြည့်နေ့မှာ ဘုရားပွဲတော်တွေ ကျင်းပလာကြပါတယ်။

အဲဒီဘုရားပွဲတော်တွေ ကျင်းပခြင်းကို “တပေါင်းလပွဲတော်” လို့ ခေါ်ဆိုကြပါတယ်။ တပေါင်းလရဲ့ နေထွက်ချိန်ကတော့ ၆ နာရီ ၁ဝ မိနစ်ဖြစ်ပြီး နေဝင်ချိန်ကတော့ ၅ နာရီ ၅ဝ မိနစ်ဖြစ်တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဆိုပါတယ်။ နေ့တာအနည်းငယ်တိုပြီး ညတာရှည်ကာ သစ်ရွက်ဟောင်းတွေအစား ရွက်သစ်တွေ အစားထိုးလဲလှယ်ကြလေ့ရှိတဲ့လဖြစ်တဲ့အတွက် သာယာလှပတယ်လို့လည်း ဆိုကြပါတယ်။ ဒါ့အပြင် တပေါင်းလအတွင်းမှာ သာသနာနဲ့ပတ်သက်တဲ့ မှတ်တမ်းဖြစ်ရပ်ကြီးတွေလည်း ပေါ်ထွန်းခဲ့တယ်လို့ သိရပါတယ်။

Source : Wow Box 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။