ရှေးမြန်မာ့သမိုင်း တစ်လျောက်တွင် မုန့်ဟင်းခါးနှင့် ပတ်သတ်၍ ကျောက်စာ၊ ပေစာများဖြင့် မှတ်တမ်းတင် ခဲ့ခြင်း မရှိသဖြင့်မုန့်ဟင်းခါး ပေါ်ပေါက်ရာ ဇာတိ နှင့် ခေတ်ကာလအား သိရှိရန် များစွာ ခက်ခဲလှသည်။ မုန့်ဟင်းခါးအား အစောဆုံး အထောက်အထား ဖြင့် တွေ့ရှိရသည့် နေရာမှာ ကုန်းဘောင်ခေတ် စာဆို ဦးပုည၏ လင်္ကာများ အနက်မှ တစ်ခုတွင် ဖြစ်ပြီး “မုန့်ဟင်း”ဟု သုံးနှုန်းခဲ့သည်။ ကုန်းဘောင်ခေတ် ဒုတိယပိုင်း၌ ဘကြီးတော်ဘုရား လက်ထက်နှင့် ကုန်းဘောင်ရွှေဘိုမင်း လက်ထက်တွင် ပေါ်ပေါက်သော ကဗျာစာဆိုတစ်ဦးဖြစ်သည့် ဖိုးသူတော်ဦးမင်းက ခေတ်ပြိုင်စာဆို လူဦးမင်း(စာဆိုတော်ဦးမင်း) နှင့် မုန့်ဟင်းခါး အကြောင်း အပြိုင်စပ်ဆိုရာတွင် “မုန့်တီ” ဟုသုံးနှုန်းခဲ့သည်။ 

ယခုအခါတွင် မုန့်ဟင်းခါးကို “မုန့်တီ” ဟု ပြောဆိုသောသူသည် အနည်းငယ်သာရှိတော့သည်။ ဤသို့ဆိုလျှင် “မုန့်တီ”သည် မုန့်ဟင်းခါးကို ဆိုလိုပြီး ရခိုင်မုန့်တီ သည်ကား ရခိုင်လူမျိုးများ၏ ရှေးရိုးရာအစားအစာ အာပူလျှာပူနှင့် ရိုးရိုးရခိုင်မုန့်တီ၊ ရခိုင်မုန့်တီသုပ် အစရှိသည်တို့ကိုဆိုလိုပေမည်။ ယနေ့တိုင် အချို့ဒေသများတွင်မုန့်ဟင်းခါးအား “မုန့်” “မုန့်ဟင်း” အစရှိ သဖြင့် ခေါ်ဝေါ် လျှက်ရှိဆဲ ဖြစ်သောကြောင့် ကုန်းဘောင်ခေတ်တွင် မုန့်ဟင်းခါးပေါ်ပေါက်ပြီး ဖြစ်သည်ဟု ယူဆကြသည်။ 

တဖန် ပျူမြို့ဟောင်းများ တူးဖေါ်ရာတွင် ဆန်မှုန့်နှင့် အချဉ်ဖေါက်ပြုလုပ်သော ကိရိယာအများအပြား တူးဖေါ် ရရှိခဲ့သောကြောင့် ထမင်းအစားထိုး၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်နှင့် မုန့်ဟင်းခါးပေါ်ပေါက်နေခဲ့ နိုင်ကြောင်း ကောက်ချက် ဆွဲကြသည်။ ထို့အပြင် မုန့်ဟင်းခါး သမိုင်းကို စနစ်တကျ သုတေသန ပြုရန် ကြိုးစားခဲ့သော ဒေါက်တာ ခင်မောင်ညွန့်၏ အဆိုအရ၊ မုန့်ဟင်းခါးချက်နည်းသည် ရှေးနန်းတွင်း ဟင်းချက်နည်းမျိုးစုံ စာရင်းတွင် ရှာမတွေ့ ခဲ့ခြင်းကြောင့် သာမာန် အရပ်သား လူအများတို့ ၏အစားအစာသာ ဖြစ်နိုင်ကြောင်း။ ထို့ကြောင့်ပင် မည်သူတစ်ဦး တစ်ယောက်မျှ အရေးတယူ မှတ်တမ်း မတင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ 

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။