အခုခေတ် အနေအထားအရ မိန်းကလေးရော ယောင်္ကျားလေးရော အရက်သောက်တာက သိပ်ကို ဆန်းကြယ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင် မိခင်လောင်း တစ်ယောက်အနေနဲ့ အရက်သောက်လိုက်တဲ့အခါ အချင်းကနေတစ်ဆင့် ကလေးဆီကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသွားတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကြီးထွားနေဆဲဖြစ်တဲ့ သန္ဓေသားကို အဆိပ်ကျွေးလိုက်သလိုမျိုး ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် ကာလ အနု အရင့်နှင့် သောက်သုံးလိုက်တဲ့ အရက် အမျိုးအစား၊ ပမာဏ ပေါ် မူတည်ပြီး ထိခိုက်ပျက်စီးစေတဲ့ ပမာဏကလည်း ကွာခြားမှု ရှိပါတယ်။ 

ကိုယ်ဝန်စရှိပြီး ပထမ (၃) လအတွင်းမှာ အရက်သောက်ခဲ့လျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေး အသေမွေးခြင်း၊ စောမွေးခြင်း နှင့် ပေါင်မပြည့်ဘဲ မွေးခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒုတိယ (၃) လနှင့် တတိယ (၃) လမှာ အရက်သောက်ခဲ့လျှင် ကလေးရဲ့ ကြီးထွားမှု အစိတ်အပိုင်းများကို ထိခိုက်စေနိုင်တာပဲ ဖြစ်ပါတယ်။ ကလေးရဲ့ ဦးနှောက် နှင့် အာရုံကြောမကြီးကို ထိခိုက်မှု အများဆုံး ဖြစ်စေနိုင်ပါတယ်။ မွေးခါနီးမှ အရက်သောက်ခဲ့မယ် ဆိုရင်တော့ ကလေးရဲ့ အသည်းကို ထိခိုက်မှု ဖြစ်စေပါတယ်။ အချို့ကလေးများမှာ မွေးပြီးပြီးချင်း မသိနိုင်သော်လည်း အသက်၂ နှစ်မှ ၃ နှစ် ကြာတွင် ရောဂါ အခြေအနေများကို သိလာနိုင်ပါတယ်။ 

မိခင် ကိုယ်ဝန်ဆောင်စဉ် ကာလ အတွင်း အရက်သောက်သုံး၍ ထိခိုက်ပြီး မွေးဖွားလာတဲ့ ကလေးများမှာ ထင်ရှားတဲ့ လက္ခဏာ (၃) ချက် ရှိပါတယ်။

(၁) မျက်နှာ ပုံပန်းသဏ္ဍာန် ချို့ယွင်းမှုဖြစ်ခြင်း

- ဦးခေါင်းသေးခြင်း၊ မျက်နှာပြားခြင်း၊ နှာခေါင်းပြားခြင်း၊ အပေါ်နှုတ်ခမ်းပါးခြင်း၊ မျက်စေ့ပေါက်ကျဉ်းခြင်း နှင့် မျက်ရစ် ထူခြင်း တို့ ဖြစ်တတ်ပါတယ်။

(၂) ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နည်းပါးခြင်း

မွေးကင်းစ အရွယ်ကတည်းက ပေါင်နည်းတဲ့ အပြင် ကလေး ကြီးထွားဖွံ့ဖြိုးမှုကလည်း အသက်အရွယ်နဲ့ ယှဉ်လျှင် နှေးကွေးနေစေပြီး သေးညှက်ညှက်လေး ဖြစ်နေတတ်ပါတယ်။

(၃) ဉာဏ်ရည် ဉာဏ်သွေး မမီခြင်း

ကျောင်းနေအရွယ်တွင် စာမလိုက်နိုင်ခြင်း၊ ဉာဏ်ရည် နိမ့်ခြင်း၊ စာမေးပွဲကျခြင်း၊ ပေါင်းသင်းဆက်ဆံရေး ညံ့ခြင်း .. စတဲ့ ပြသနာလေးတွေ ရှိနေနိုင်ပါတယ်။

ဒါ့ကြောင့် ဖော်ပြပါ အချက်များကို သိရှိပြီး ကိုယ်ဝန်ဆောင် မိခင်လောင်းများ အနေနဲ့ မိမိရင်သွေးလေးတွေ ကျန်းမာဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်စေဖို့ အရက်သောက်သုံးခြင်းကို လုံး၀ ရှောင်ကြဉ်ကြဖို့ တိုက်တွန်းချင်ပါတယ်။

သာယာပျော်ရွှင်သော မိသားစု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Health Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။