ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်း Dapchiမြို့မှ ကျောင်းသူ (၁၁၀)ဦးခန့်ပျောက်ဆုံး နေကြောင်းနိုင်ငံပိုင် သတင်းစာများတွင်ဖော်ပြခဲ့ပါတယ်။အဆိုပါပျောက်ဆုံးနေတဲ့ ကျောင်းသူများကိုတော့ နိုင်ဂျီးရီးယား အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ ဘိုကိုဟာရမ်အဖွဲ့ရဲ့လက်ထောက်အဖွဲ့ခွဲတစ်ခုမှ ဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် စစ်တပ်အရာရှိများ နှင့် ဘိုကိုဟာရမ်တပ်မှူးများ အတူတကွတွေ့ဆုံကြရန် ပြီးခဲ့တဲ့ မတ်လ(၂)ရက်နေ့က တိုက်တွန်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။  

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မတည်ငြိမ်သောဒေသတွင် ထင်ရှားတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ တစ်ဦးဖြစ်သလို ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ Aisha Alkali Wakilထံ ဘိုကိုဟာရမ်အဖွဲ့ခွဲခေါင်းဆောင် Abu Musab Al-Barnawi ဖြစ်သူက မတ်လ ၁ရက်နေ့တွင် ဆက်သွယ်လာပြီး ကျောင်းသူများကို ထိန်းသိမ်း ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တို့ရဲ့ မိခင်အဖြစ် ခေါ်ဆိုကြတဲ့ Wakil ရဲ့ပြောကြားချက်အရ မိန်းကလေးများ ဘေးကင်းလုံခြုံမှုရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ် လို့သိရပါတယ်။ ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ခွဲ ခေါင်းဆောင် Al-Barnawi ကလည်း ကျောင်းသူများအား အန္တရာယ်ပေးခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်မှာမဟုတ်ကြောင်း Wakil ကိုကတိပေးထားကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနသို့ပြောကြားခဲ့ပါတယ်။

Wakilဟာ ယခုရက်ပိုင်းအတွင်း ပြန်ပေးဆွဲသူက မည်သူမည်ဝါဖြစ်တာဆိုတာကို ဖော်ထုတ်ပေးခဲ့ပြီး ကျောင်းသူများအား ပြန်လွှတ်ပေးရန် လူသိရှင်ကြားတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ဘိုကိုဟာရမ်အဖွဲ့ခွဲ နှင့် စကားပြောဆိုမှု အသေးစိတ်အချက်အလက်များအား ပြောကြားရာတွင် Wakil က ၂၀၁၄ခုနှစ်တွင် ဘိုကိုဟာ ရမ်အဖွဲ့က Chibok ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သလို ယခုကျောင်းသူများအား အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်းမပြုလုပ်ရန် တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ကာလများတွင် Wakil ဘိုကိုဟာရမ်ခေါင်းဆောင်ပိုင်းထံ ဖုန်းဖြင့် ဆက်သွယ်ပြီးဓားစားခံအချို့အား လွတ်မြောက်စေခြင်းဖြင့် လူအများရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုဟာ ၂၀၀၉ခုနှစ် မှစပြီး အကြမ်းဖက်တိုက်ခိုက်မှုများဖြင့် အပြစ်မဲ့ပြည်သူ ၂၀,၀၀၀ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။