၆ နှစ်အတွင်း အဆင်းရဲဆုံး နိုင်ငံ စာရင်း ကနေ မြန်မာ ပယ်ဖျက်ခံရဖို့ ရှိ

ဖွံ့ဖြိုးမှု အနည်းဆုံး LDC နိုင်ငံ တွေ နဲ့ ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ် အတွက် ကုလသမဂ္ဂ ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကနေ အစီရင်ခံစာ တစ်စောင် ထုတ်ပြန် လာခဲ့တာမှာ လာမယ့် ၆ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံဟာ LDC စာရင်း ထဲက နေ လွတ်သွား နိုင်ဖွယ် ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ က အသိအမှတ် ပြုထားတဲ့ ဖွံ့ဖြိုးမှု အနောက်ကျ ဆုံး LDC စာရင်း ထဲ မှာ လက်ရှိ ၄၈ နိုင်ငံ ရှိနေတဲ့ အထဲ ၂ဝ၂၁ အမှီ စာရင်း ထဲက နေ လွတ် နိုင်ဖွယ် ရှိတဲ့ နိုင်ငံ ၁၆ နိုင်ငံ ပဲ ရှိတယ်လို့ ကုလသမဂ္ဂ ကုန်သွယ်ရေး နဲ့ ဖွံ့ဖြိုးရေး အဖွဲ့ကနေ ထုတ်ပြန်ပါတယ်။

အဲဒီ ၁၆ နိုင်ငံထဲ မြန်မာ နိုင်ငံလည်း အပါအဝင် ဖြစ်တယ် ဆိုပြီး ကုလသမဂ္ဂ သုံးသပ် ထားပါတယ်။

တိုင်းပြည် တစ်ပြည်ရဲ့ ပျမ်းမျှ လူ တစ်ဦးချင်းစီ ဝင်ငွေ ၊ တခါ လူ့ စွမ်း အင် အရင်းအမြစ် နဲ့ တိုင်းပြည်ရဲ့ စီးပွားရေး ခိုင်မာ လုံခြုံ မှု ရှိသလား ဆိုတဲ့ အချက် ၃ ချက် အပေါ် အဓိက စမ်းစစ် ပြီး LDC စာရင်း ထဲ ထည့်သွင်း ရမလား ဒါမှ မဟုတ် LDC စာရင်း ထဲကနေ ဖယ်ရှား ပေး ရမလား ဆိုတာကို နိုင်ငံတကာက ဆုံးဖြတ် ကြတာ ဖြစ်ပါတယ်။

ဒီလို နယ်ပယ် ၃ ရပ် အပေါ် အဓိက ထား စမ်းစစ် ရမယ် ဆိုတာဟာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ မူဝါဒ ကနေ ဖွင့်ဆို ထားတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။

LDC စာရင်း ထဲ ကနေ လွတ်မြောက် ပြီလား ဆိုတာကို စာရင်းဝင် နိုင်ငံတွေ အပေါ် ၃ နှစ် တခါ စမ်းစစ် ကြပါတယ်။

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ ခေတ် ၊ ၁၉၈၇ ခုနှစ် မှာ နိုင်ငံတကာ ကြွေးမြီ သက်သာ ခွင့် ရ နိုင်ဖို့ LDC နိုင်ငံ အဖြစ် လျှောက်ထား ခဲ့တဲ့ မြန်မာ နိုင်ငံဟာ အနှစ် ၂ဝ ကျော် အကြာ မှာတော့ သမ္မတ ဦးသိန်းစိန် လက်ထက် က စပြီး LDC နိုင်ငံစာရင်း ထဲက နေ လွတ် နိုင်အောင် စီမံကိန်း ချ ကြိုးပမ်း လာခဲ့တယ် လို့ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။

၂ဝဝ၆ နဲ့ ၂ဝဝ၉ စမ်းစစ် မှု တွေ အရ၊ မြန်မာ နိုင်ငံ အနေနဲ့ အဓိက နယ်ပယ် ၃ ချက်မှာ တစ်ဦးချင်း ဝင်ငွေ ဒေါ်လာ တစ်ထောင် ကျော် မရှိ သေးလို့ ဆိုတဲ့ တစ်ချက် ကြောင့်သာ LDC ထဲ ဆက် ပါနေရတာ ဖြစ်တယ် ဆိုပြီး ဦးခင်မောင်ညို (ဘောဂဗေဒ) က ဆိုပါတယ်။

LDC စာရင်း ထဲ က လွတ်ဖို့ ဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေး ဆိုင်ရာ ရည်မှန်း ချက် တစိတ် တပိုင်းပဲ ဖြစ်ပြီး၊ လက်ရှိ တကယ်တမ်း ဦးတည် ရမှာ ကတော့ အများနဲ့ ပတ်သက်ပြီး အားလုံးနဲ့ အကြုံးဝင် တဲ့ စီးပွားရေး စဉ်ဆက် မပြတ် တိုးတက် မှု ရအောင် ကြိုးစား ရမှာ ဖြစ်တယ်လို့လည်း ဦး ခင်မောင်ညို (ဘောဂဗေဒ) ပြောပါတယ်။

LDC ထဲက လွတ်နိုင်ဖို့ သတ်မှတ် ချက်တွေ ပြည့်မှီ ရေး လောက်သာ ရည်ရွယ်ပြီး တိုင်းပြည် စီးပွားရေးရဲ့ မဟာဗျုဟာကို ချမှတ် တာမျိုး မလုပ်ဘဲ၊ ရေရှည် အတွက် ကြည့်ပြီး တကယ့်ကို မဏ္ဍိုင် အသီးသီးမှာ ပြုပြင် ပြောင်းလဲ မှု တွေ လုပ်ဆောင် သင့်တယ် လို့ ကုလသမဂ္ဂရဲ့ အစီရင် ခံစာ ထဲမှာလည်း LDC စာရင်း ဝင် နိုင်ငံ တွေကို အကြံ ပြု ထားတာ တွေ့ရပါတယ်။

Source: BBC

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။