မွန်ပြည်နယ် ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုးစေတီတွင် ကေဘယ်ကား (ကောင်းကင်ကြိုးရထား)ပြေးဆွဲခြင်းကို ၂၀၁၇ ဧပြီ၁ ရက်၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း စီမံကိန်းပြုလုပ်သည့် Sky Asia Co.,Ltd. မှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကေဘယ်ကား ပြေးဆွဲခြင်းကို ကျိုက်ထီးရိုးစေတီ၌ Sky Asia Co.,Ltd. ကစတင်အကောင်အ ထည်ဖော်လျက်ရှိပြီး ကျိုက်ထီးရိုး ဘေးမဲ့တော နယ်မြေရှိ မြေ ၁၃ဒသမ ၅ ဧကကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနတွင် နှစ် ၇၀ စာချုပ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သည်။

‘‘အခုလက်ရှိမှာ ဒီစီမံကိန်း အားလုံး ၂၀ ရာခိုင်နှုန်းပြီးစီးနေပြီ။ကေဘယ်ကား ပြေးဆွဲတဲ့အချိန် ကျရင် လူတစ်ဦးကို ငွေဘယ် လောက်ယူမယ်ဆိုတာ မဆုံးဖြတ် ရသေးဘူး။ ကေဘယ်ကားတစ်စီး ကို လူရှစ်ယောက်တင်လို့ရတယ်။ရသေ့တောင်ကနေ ဘုရားအထိ ပြေးဆွဲမယ်။ ဘုရားပေါ်ကို ၁၀ မိနစ်လောက်နဲ့ ရောက်မယ်။ အန္တရာယ်မရှိစေဖို့ နှစ်ပတ်တစ်ကြိမ် စစ်ဆေးမှုတွေလုပ်မယ်။ ကိုယ်ပိုင်လျှပ်စစ် ၃၃ ကေဗီဓာတ်အားလိုင်းနဲ့ ပြေးဆွဲသွားမယ်’’ဟု Sky Asia Co.,Ltd. အထူးအကြံပေးအရာရှိ ဦးအောင်သန်းက ပြောသည်။

ဘုရားဖူးများ သဘာဝပတ် ဝန်းကျင်အလှအပများကို ကြည့် ရှုခံစားနိုင်ရန်၊ တည်းခိုနေထိုင် ရေးကိစ္စများ အဆင်ပြေချောမွေ့ စေရန် အဆိုပါ စီမံကိန်းကို အ ကောင်အထည်ဖော်ဆောင်ရွက် ခြင်း ဖြစ်ကြောင်း ဦးအောင်သန်း က ဆိုသည်။

ယခုအစီအစဉ်အတွက် ကေ ဘယ်ကားအစီးရေ ၄၃ စီးနှင့် အရန် တစ်စီးတို့ဖြင့် ပြေးဆွဲမည်ဖြစ်သည်။ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခံပြုလုပ်မည်ဖြစ်ပြီး ကေဘယ်ကားနှင့် ဆက်စပ်ပစ္စည်းများကို ပြင်သစ်နိုင်ငံမှ မှာယူတင်သွင်းထားကြောင်း သိရသည်။

လက်ရှိတွင် ကင်မွန်းစခန်းမှ ရသေ့တောင်အထိ ကားဖြင့် တက် ရောက်ပါက ကျပ် ၁,၅၀၀၊ ရသေ့တောင်မှ ဘုရားရင်ပေါ်အထိ ကျပ် ၁,၅၀၀ သုံးစွဲနေရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။