မောင်တောမြို့နယ် ဒုချီးရားတန်း(အနောက်)ရွာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဓါးဖြင့်ထိုး၍ ပြန်လည် ပစ်ခတ်ရာမှ လူသေဆုံးမှုဖြစ်ပွားခဲ့သည်။

မောင်တောမြို့နယ် ဂေါ်ဒူသာရတံတားတွင် လုံခြုံရေးတာဝန်ယူနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ဒီဇင်ဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ဒုချီးရားတန်း(အနောက်)ရွာရှိ ဟာမတ်တူဆောင်း၏ နေအိမ်အား မူးယစ်ဆေးဝါးရှိကြောင်း ဟာမတ်တူဆောင်း၏ သမက်ဖြစ်သူ၊

ဒုချီးရားတန်းကျေးရွာအုပ်စု တာဝန်ခံရှာအာလောင်၏ သတင်းပေးချက်အရ အသိသက်သေအဖြစ် ဒုချီးရားတန်းကျေးရွာအုပ်စု တာဝန်ခံရှာအာလောင်၊ ဒုချီးရားတန်း (အနောက်)ရပ်မိရပ်ဖ စွေယော့ဟာဆောင်းတို့နှင့် အတူရှာဖွေ ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ရှာဖွေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဟာမတ်တူဆောင်း၏ မိသားစုများအား အိမ်အပြင်ထွက်၍ နေစေပြီး နေအိမ်အတွင်း ရှာဖွေရန်ဆောင်ရွက်စဉ် ဟာမတ်တူဆောင်းက လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးအား အရိုးအသွား (၁၅) လက်မခန့်ရှိ ဓားဦးချွန်၊ ဓါးမြှောင်ဖြင့် ပြေးထိုးရာ အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင်၏ ညာလက်ဖျံတွင် (၂) လက်မခန့် ပြတ်ရှသွေးထွက်ဒဏ်ရာရရှိပြီး မြေပြင်သို့လဲကျ သွားခဲ့သည်။

ဟာမတ်တူဆောင်းမှာ ဓါးဖြင့်ထိုးပြီးနောက် ဆက်လက်ရန်ပြုရန် ကြိုးစားသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်က ၎င်းကိုင်ဆောင်သော သေနတ်ဖြင့်ချိန်ရွယ်စဉ် ဟာမတ်တူဆောင်းမှ ထွက်ပြေးခဲ့၍ သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ ဟာမတ်တူဆောင်းသည် အခင်းဖြစ်နေရာတွင် သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံး ခဲ့သည်။

ဟာမတ်တူဆောင်း၏ နေအိမ်မှ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး လူသေဆုံးမှု ဖြစ်စဉ်အား ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။