လက်ရှိ ရန်ကုန်မြို့ရဲ့ အပန်းဖြေအနားယူနိုင်တဲ့နေရာတွေထဲက တစ်ခုဖြစ်တဲ့ လှိုင်တက္ကသိုလ်နယ်မြေအနီးရှိ အင်းလျားကန်ကြီးကို ပရိသတ်အများစုလည်း လာရောက်အပန်းဖြေဖူးမယ်ထင်ပါတယ်။ ဒီကနေ့ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး ဒုတိယအကြိမ်မြောက် ဆဋ္ဌမ ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် လှိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ ရန်ကုန်မြို့ အင်းလျားကန်ကြီးကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ပြီး ရန်ကုန်မြို့တွင်း ပြည်သူများသာမက နိုင်ငံတကာ ခရီးသွားများပါ အပန်းဖြေနိုင်သော နေရာတစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိ၊ မရှိ''”မေးမြန်းရာတွင် အစီအစဉ်ရှိကြောင်းနှင့် လတ်တလောတွင်လည်း စည်ပင်သာယာအနေဖြင့် ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများရှိနေကြောင်းကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ပါတယ်။  

ရန်ကုန်မြို့ အင်းလျားကန်ကြီးသည် လှိုင်၊ မရမ်းကုန်းနှင့် ကမာရွတ်မြို့နယ်သုံးခု မှ နယ်နိမိတ်များနှင့် ထိစပ်ပိုင်ဆိုင်ပြီး ဝန်းကျင်မြို့နယ်အတွင်း ပြည်သူများ လာရောက် အပန်းဖြေသည်မက တခြားမြို့နယ်များမှလည်း အခွင့်အခါသင့်သလို လာရောက်လည်ပတ် အပန်းဖြေကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ရုံးပိတ်ရက် ခါကြီး၊ ရက်ကြီး များနှင့် သင်္ကြန်ကာလ၊New Year ကာလများတွင် အပန်းဖြေလာရောက် လည်ပတ်သူများဖြင့် အထူးလူစည်ကားများပြားလျက်ရှိပါတယ်။ ယခုအခါ အင်းလျား ကန်အတွင်း ရေမှော်များရှိနေခြင်း၊ အနီးဝန်းကျင် စားသောက်ဆိုင်များမှ ရေဆိုး ရေညစ်များ၊ စွန့်ပစ်အမှိုက်များ ဝင်ရောက်နေမှုတို့ကြောင့် အကျည်းတန် အရုပ်ဆိုးမှုများ၊ အမြင်မတင့်တယ်မှုများဖြစ်နေသဖြင့် သက်ဆိုင်ရာ ရန်ကုန်မြို့တော်စည်ပင် သာယာအနေဖြင့် ဘယ်လိုလုပ်ဆောင်သွားမည်၊ ဘယ်လိုအဆင့်မြှင့်တင်သွားမည်ကိုသိလိုကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းမှုများ ပြုလုပ်ခဲ့ပါတယ်။  

ယင်းမေးမြန်းမှုအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးမောင်မောင်စိုးက အင်းလျားကန်ကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိပါကြောင်း၊ လတ်တလောမှာလည်း လုပ်ဆောင်ပေးနေပါကြောင်း သိရပါတယ်။ လက်ရှိ အင်းလျားကန် သန့်ရှင်းလှပရေးအတွက် ရေနှင့်သန့်ရှင်းမှုဌာနက စဉ်ဆက်မပြတ် ဆောင်ရွက်နေ ပါကြောင်း၊ ဒိုက်နှင့်အမှိုက်များကိုလည်း စက်ကြီးများနှင့် ပုံမှန်ဆယ်ယူရှင်းလင်းပေးနေပါကြောင်း၊ နုန်းစုပ်စက်နှင့်လည်း နုန်းများကို ဆယ်ယူလျက်ရှိပါကြောင်း၊ ရေပိုလွှဲ များလည်း တိုးချဲ့တည်ဆောက်ထားပါကြောင်းနှင့် ရေထိန်းတံခါးများကိုလည်း ထပ်မံလုပ်ဆောင်ထားပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။