ဖေဖော်ဝါရီလ(၂၅)ရက်နေ့၊ ညနေပိုင်းအချိန်၊ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအိုင်အတွင်း စက်လှေတစ်စီး တိမ်းမှောက်မှုတွင် ကယ်ဆယ်ပေးခဲ့သူများအား ပြည်နယ်အစိုးရက ဂုဏ်ပြုခဲ့တယ်လို့ သိရပါ တယ်။အဆိုပါ ဂုဏ်ပြုပွဲကိုတော့ မတ် (၉)ရက်နေ့ နေလည်ပိုင်းအချိန်၊ အင်းတော်ကြီးဘုရားရှိ ဒေါ်ပုလဲ ဓမ္မာရုံ တွင် ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ဂုဏ်ပြုပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ ဘူက အမှာ စကားပြောကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ဂုဏ်ပြုခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။  

အဲ့ဒီနောက်မှာတော့ စက်လှေတိမ်းမှောက်မှုဖြစ်စဉ်တွင် ကယ်ဆယ်ရေးအတွက် ကနဦးအကြောင်းကြားသူ ဦးကျော်မင်းဦးအား ဂုဏ်ပြုငွေ ကျပ် နှစ်သိန်းနှင့် လက်ဆောင်ပစ္စည်းကိုပေးအပ် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး သွားရောက်ကယ်ဆယ်သူ ဦးစိုး သန်းနှင့် ကိုဖြိုးဝေတို့ နှစ်ဦးကိုလည်း ဂုဏ်ပြုငွေကျပ် ငါးသိန်း နှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ် ခဲ့တာပဲ ဖြစ်ပါတယ်။ ၎င်းဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်ပစ္စည်းများ ကိုတော့ ပြည်နယ်လူမှုရေးဝန်ကြီးက ပေးအပ်ဂုဏ်ပြုခဲ့တာပဲ ဖြစ်ပါတယ်။  

ထို့အပြင်စက်လှေမှောက်မှုဖြစ်စဉ်တွင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ခုနစ်ဦးနှင့် ဆရာမ တစ်ဦးအား အဝတ်အထည်၊ စောင်နှင့် အစားအစာများ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။ စက်လှေတိမ်းမှောက်မှုတွင် ကွယ်လွန်ခဲ့တဲ့ ကျောင်သားကျောင်းသူရှစ်ဦးနှင့် ဒေသခံတစ်ဦး စုစုပေါင်း ကိုုးဦး အတွက်လည်း နာရေးကုန်ကျငွေ ကျပ် ၄၁ သိန်းကျော် ကူညီထောက်ပံ့ခဲ့တယ်လို့ မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လေးကပြောပါတယ်။ 

သတင်းအရင်းအမြစ် - မြန်မာ့အလင်း 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။