မြန်မာနိုင်ငံဆိုင်ရာ အီးယူ- ဥရောပ သမဂ္ဂရုံးက ၂၀၁၈ ခုနှစ် အတွက် ချီးမြှင့်တဲ့ လူ့အခွင့်ရေး ဆိုင်ရာ Schuman Award ဆုကို လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဖြစ်ကြတဲ့ ချင်းပြည်နယ်က ချယ်ရီ Zahau ၊ မွန်ပြည်နယ်က ဒေါ်ခင်သန်းထွေး နဲ့ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းတို့ ဆွတ်ခူးရရှိသွားပါတယ်။ အီးယူ သံအမတ်ကြီး Kristian Schmidt နေအိမ်မှာ မနေ့က ကျင်းပတဲ့ ဆုပေးပွဲအခမ်းအနားမှာ ချီးမြှင့်လိုက်တာပဲဖြစ်ပါတယ်။  

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ အီးယူတည်ထောင်ချိန်က ပံ့ပိုးပါဝင်သူ တစ်ဦးဖြစ်တဲ့ Robert Schuman ကို အစွဲပြုပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သူတွေကို ၂၀၁၇ ခုနှစ်ကစဒီဆုကို ချီးမြှင့်ခဲ့တာပဲဖြစ်ပါတယ်။ Cheery Zahau ဟာ သူ့အသိုင်းအဝိုင်းမှာ သာမက ပြင်ပမှာပါ လူ့အခွင့်အရေးနဲ့ ကျား /မ တန်းတူ ညီမျှရှိရေး တို့ကို ထူးထူးချွန်ချွန် လှုပ်ရှား ဆောင်ရွက်တဲ့အတွက် ဆုဆွတ်ခူးရရှိတာလို့ ဆိုပါတယ်။ မွန်ပြည်နယ်က အမျိုးသမီး အခွင့်အရေးကာကွယ် စောင့်ရှောက်သူ ဒေါ်ခင်သန်းထွေး ကတော့ အကြမ်းဖက် ခံရသူတွေကို ပံ့ပိုး ကူညီပြီး အမျိုးသမီး အခွင့်အရေးကာကွယ် စောင့်ရှောက်တဲ့ နေရာမှာ သူမတူအောင် စွမ်းဆောင်နိုင်တဲ့ အတွက် ရှုးမန်းဆု ဆွတ်ခူးသွားတာလို့ သိရပါတယ်။  

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ အင်း၀ အပ်ချုပ်ဆိုင် အမှုမျိုးလို လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ဖော်ထုတ်ပြီး သတင်း လွတ်လပ်ခွင့် အတွက် ပြတ်ပြတ်သားသား တိုက်ပွဲ ဝင်သူမို့ ဆုရရှိတာပါ။ ကွယ်လွန်သူ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ၊ ငြိမ်းချမ်းရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ ကချင် တိုင်းရင်းသူ ဒေါ်ဂျာနန်လထောနဲ့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်း တို့ဟာလည်း Schuman ဆုကို မနှစ်က ပွဲဦးထွက် ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

Source - RFA Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။