လက်ရှိမြန်မာ့ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဝင်ငွေအချို့လိုအပ်လျှက်ရှိကြောင်း သိရပါတယ်။ လက်ရှိ မဟာမဲခေါင်ဒေသခွဲ စင်္ကြန်လမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ အမေရိကန်ဒေါ်လာ သန်း ၈၀ ချေးယူဖို့အတွက် လွှတ်တော်က ခွင့်ပြုပေးခဲ့ကြောင်း သိရပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေက ဒီကနေ့ မတ်လ ၁၉ ရက်မှာ ကျင်းပ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ချေးငွေရယူရေးကိစ္စကို ရှင်းလင်းတင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက " ဒီချေးငွေစီမံကန်းမှာ မဟာမဲခေါင်ဒေသခွဲ စင်္ကြန်လမ်းတစ်လျှောက်ရှိ မြို့တွေဖြစ်တဲ့ မော်လမြိုင်၊ ဘားအံနှင့် မြဝတီမြို့များ၏ မြို့ပြဖွံ့ဖြိုးရေးနှင့် အခြေံအဆောက်အအုံ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် စီမံကိန်းနှင့် ဆက်စပ်ဆောင်ရွက်သည့် စီမံကိန်း ဖြစ်ပါတယ်" လို့ လွှတ်တော်အတွင်းမှာ ရှင်းပြခဲ့ပါတယ်။ မဟာမဲခေါင်ဒေသခွဲ အရှေ့- အနောက်စီးပွားရေး စင်္ကြန်လမ်းပေါ်မှာ တည်ရှိနေတာကြောင့် မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့တွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ADB ချေးငွေနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က ' Cross Border Transport Agreement အရ မဲခေါင်ဒေသခွဲအတွင်းမှ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာမယ့် သန်းနှင့်ချီတဲ့ ခရီးသွားတွေအတွက် အဆင်ပြေချောမွေ့စေဖို့ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နှင့် မြို့ကြီးတွေဖြစ်သော ဘားအံမြို့၊ မော်လမြိုင်မြို့များကို ADB အနေနဲ့ ဦးစားပေး ဆောက်ရွက်ရခြင်း ဖြစ်တယ်' လို့ လွှတ်တော်အတွင်းမှာ တင်ပြခဲ့ပါတယ်။ 

အဆိုပါ စီမံကိန်းမှာ အဓိက ပါဝင်တဲ့ လုပ်ငန်းတွေကတော့ ပြည်သူတွေအတွက် ရေကောင်းရေသန့်နှင့် ရေလုံလောက်စွာ ရရှိနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များစီမံခန့်ခွဲရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ချေးငွေရယူရေးကိစ္စကို လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူခဲ့ရာမှာ ထောက်ခံမဲ ၅၃၃မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၃ မဲ ရှိခဲ့ပြီး ထောက်ခံမဲများပြားခဲ့တာကြောင့် လွှတ်တော်က ခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်။

Source - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။