မြန်မာနိုင်ငံမှာ ပထမဆုံးအနေဖြင့် အမိုးပွင့်ဘတ်စ်ကားများကို မကြာမီပြေးဆွဲသွားရန် စီစဉ်ထားတယ်လို့ မင်္ဂလာဘတ်စ်လုပ်ငန်းမှ သိရပါတယ်။အဆိုပါဘတ်စ်ကားလုပ်ငန်းဟာ Aquamarine Ecotourism Development Co Ltd ရဲ့ လုပ်ငန်း သုံးခုအနက် တစ်ခုလည်းဖြစ်ပါတယ်။ "လာမယ့် အပတ်ထဲမှာ စမ်းသပ်မောင်းနှင်တာတွေလုပ်သွားမှာ ဖြစ်ပြီး ခရီးစဉ် plan အနေနဲ့ကတော့ လာမယ့် အောက်တိုဘာမှာ စတင်မှာပါ"လို့ မင်္ဂလာဘတ်စ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုအောင်သူလွင်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမတိုင်မီ ပြောပြခဲ့ပါတယ်။ 

ပထမဆုံး ရန်ကုန်မြို့မှာ စတင်မှာဖြစ်ပြီးမနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ပြေးဆွဲမှာဖြစ်သလို ခရီးစဉ်လမ်းကြောင်း တစ်ခုကို အချိန် ၃ နာရီကနေ ၄နာရီလောက်သာ ကြာမြင့်မယ်လို့ သိရပါတယ်။ မနက်ပိုင်းခရီးစဉ်အနေနဲ့မြို့တော်ခန်းမရှေ့က စတင်ထွက်ခွာကာ ကမ်းနားလမ်းတစ်လျှောက် ကိုလိုနီအဆောက်အဦများ အနီးမှ ဖြတ်သန်းမောင်းနှင်ကာ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာချောက်မှာရှိတဲ့ ပန်းတဉ်းလုပ်ငန်းတွေကို လေ့လာပြီး စမ်းချောင်းမြို့နယ်က ဟံသာဝတီစစ်သချီုင်္င်း၊ ဘာဝနာတရား စခန်း၊ဒေါ်ဉာဏစာရီ သီလရှင်ဆရာလေး ကျောင်းတို့ကို လေ့လာကာမြို့ထဲသို့ပြန်မောင်း၍ ခရီးစဉ်ပြီးဆုံးမှာ ဖြစ်ကြောင်း၊ ညနေပိုင်း ခရီးစဉ်တွင်မြို့တော် ခန်းမရှေ့မှဗိုလ်တထောင်ဘုရားဘက်သို့မောင်းနှင်ကာ ရွှေတိဂုံ စေတီတော်သို့သွားပြီး ကန်တော်ကြီးတွင် လေ့လာအပန်းဖြေ ၍ ကမ်းနားလမ်းညဈေးတန်းသို့ သွားကာ ခရီးစဉ်ပြီးဆုံးမယ်လို့ သိရပါတယ်။ 

"ရန်ကုန်ဟာ အရှေ့တောင်အာရှ ဒေသမှာ ပဉ္စမမြောက် ဖွံ့ဖြိုးတဲ့ မြို့လည်းဖြစ်သလို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတွေနဲ့ လေ့လာလို့ မကုန်နိုင်အောင်ပါပဲ၊ မနက်ပိုင်းမှာ အရုဏ်တက် နေထွက်စ ရှုခင်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေရဲ့ တုံးမောင်းခေါက်သံတွေ၊ ဘုရားရှိခိုးသံတွေ ကြားမှာ ကြည်နူးစရာ ခရီးစဉ်တစ်ခုပါ"လို့ မင်္ဂလာဘတ်စ်ရဲ့ Project Coordinator ဖြစ်သူ မစ္စတာ အဲလက်စ်က ပြောပြခဲ့ပါတယ်။ လက်ရှိမှာတော့ အမိုးပွင့်ဘတ်စ်အသစ် ငါးစီးနဲ့ စီစဉ်နေတာဖြစ်ပြီးတစ်စီးမှာ ၂၅ ယောက် စီးနင်းနိုင်မယ့်အခြေအနေမျိုးရှိသလိုစီးနင်းခကိုတော့မကြာခင်မှာ ဆက်လက် အသိပေးထုတ်ပြန်သွားဖို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။

Source - Opinion Leaders 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။