တူရကီတို့က ဆီးရီးယားနိုင်ငံမြောက်ပိုင်းဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ထိုဒေသဟာ ကာ့ဒ်စစ်သွေးကြွတွေရဲ့ နယ်မြေတစ်ခုဖြစ်ပြီး တူရကီ နဲ့အတူ ဆီးရီးယားလွတ်မြောက်ရေး တပ်တွေ အတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို သိမ်းယူမှုနဲ့ ပတ်သက်ပြီး တူရကီ သမ္မတ အယ်ဒိုဝန်က

'အကြမ်းဖက်သမား အများစုက အမြှီးကုပ်ပြီး ပြေးကုန်ကြပါပြီ။

ကျနော်တို့ရဲ့ အထူးတပ်ဖွဲ့တွေနဲ့ ဆီးရီးယား လွတ်မြောက်ရေးတပ်တွေက နယ်မြေ ရှင်းလင်းမှုတွေ ဆက်လုပ်နေပါတယ်' လို့ အောင်ပွဲခံ မိန့်ခွန်းပြောခဲ့ပါတယ်။

အက်ဖရင် ဒေသန္တရ အုပ်ချုပ်ရေး ကောင်စီ ပူးတွဲ ဥက္ကဋ္ဌကတော့ ကာ့ဒ်တပ်တွေအတွက် တိုက်ပွဲ အသွင်သစ် တိုက်ဖို့ အချိန်ကျပြီ ဖြစ်ပြီး တူရကီ တပ်တွေကို တောက်လျှောက် အိပ်မက်ဆိုးတွေ မက်ရအောင် လုပ်သွားမယ်လို့ ရုပ်မြင်သံကြားကတဆင့် ကြေညာချက် ထုတ်ခဲ့ပါတယ်။

အက်ဖရင်နယ်သားတွေဟာ စစ်ကို ရှောင်ကွင်းတဲ့ အနေနဲ့ ဘေးလွတ်ရာ ရွှေ့ကြတာ ဖြစ်ပြီး ထွက်ပြေးတာ မဟုတ်ဘူးလို့လည်း အဲဒီ ဥက္ကဋ္ဌက ပြောပါတယ်။

၂ လ ကြာ ဖြစ်ပွားခဲ့တဲ့ အက်ဖရင် တိုက်ပွဲကာလအတွင်းမှာ လူပေါင်း ၁ သိန်းခွဲကျော်က တောင်ဘက်မှာရှိတဲ့ ဆီးရီးယား အစိုးရ အုပ်ချုပ်တဲ့ ဒေသတွေကို ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အက်ဖရင်မြို့ကို သိမ်းပိုက် နိုင်ခဲ့တဲ့အတွက် ကာ့ဒ် ပြည်သူ့ကာကွယ်ရေး တပ်စု (YPG) ရဲ့ အဓိက ထိန်းချုပ်ရာ နယ်မြေကို သိမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တူရကီ နိုင်ငံသားတွေက သူတို့ အစိုးရကို တညီတညွတ်တည်း ထောက်ခံလာစေဖို့ ဆိုတဲ့ တူရကီသမ္မတ အယ်ဒိုဝန်ရဲ့ ရည်ရွယ်ချက် ၂ ခု အောင်မြင်ခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် မာ့ခ် လိုဝမ်က သုံးသပ်ထားပါတယ်။ 

ဆီးရီးယားမြောက်ပိုင်းက YPG အုပ်စုဟာ တူရကီပြည်တွင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်သုံးဆယ်ကြာ တိုက်ပွဲဝင် နေတဲ့ ကာဒစ်စတန် အလုပ်သမားပါတီ (PKK)နဲ့ အဆက်အစပ် ရှိတယ်ဆိုပြီး တူရကီအစိုးရက သူတို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ပြီး တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

အမေရိကန် နောက်ခံပြုထားတဲ့ YPG အုပ်စုတွေကတော့ PKK နဲ့ ဘယ်လိုမှ တိုက်ရိုက် ဆက်စပ်မှု မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

အမေရိကန်အစိုးရက သူတို့ကို ကာ့ဒ် နယ်စပ် တပ်ဖွဲ့ ဖွဲ့ပေးမယ် ဆိုတဲ့ ကိစ္စ ပေါ်လာပြီး နောက်ပိုင်းမှာတော့ တူရကီက သံလွင်ခက် စစ်ဆင်ရေး ဆိုပြီး ဆီးရီးယား နယ်နမိတ်ထဲကို စတင် ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

source - BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။