လက်ရှိလျှပ်စစ်ဓာတ်အားကို ပြည်တွင်းတွင်လိုအပ်လျှက်ရှိနေကြောင်း တွေ့ရပါတယ်။ အဆိုပါလိုအပ်ချက်တွေထဲမှ ချင်းပြည်နယ်အတွင်းရှိ တီးတိန်မြို့၊ မတူပီမြို့နှင့် ပလက်ဝမြို့တို့ကို ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း မဟာဓာတ်အားလိုင်းမှလျှပ်စစ်မီးပေးရန် စီစဉ်နေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရပါတယ်။ ချင်းပြည်နယ်အတွင်းရှိ ဟားခါးမြို့၊ ဖလမ်းမြို့၊ ထန်တလန်မြို့၊ ခိုင်ကမ်းမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့များသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။  

ယခုအခါ မဟာဓာတ်အားလိုင်းရောက်ရှိရန် အလှမ်းဝေးသည့်မြို့များအနက် ရေဇွာမြို့၊ ရိခေါဒါရ်မြို့၊ တွန်းဇံမြို့နှင့် ကျီခါးမြို့များအတွက် ရေအားလျှပ်စစ် ဖြန့်ဖြူးပေးနိုင်ရန် အသေးစား ရေအားလျှပ်စစ်စက်ရုံ သုံးခုကို ယခုဘဏ္ဍာနှစ်မှစ၍ တည်ဆောက်ရန် ဆောင်ရွက်ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဌာနမှသိရပါတယ်။ "ချင်းပြည်နယ်ကို ပြည်ပလုပ်ငန်းတွေ လာရောက်လုပ်ကိုင် ရင်းနှီးမြှုပ်နှံချင်ပေမယ့်လည်း တချို့မြို့တွေက လျှပ်စစ်ဓာတ်အား ၂၄ နာရီမရသေးဘူး။ လက်ရှိမြို့ပေါ်နဲ့ အနီးအနားကျေးရွာတွေကို ဒီဇယ်မီးစက်နဲ့ ရေအားလျှပ်စစ်တို့ကနေတစ်ဆင့် လျှပ်စစ်မီး ရရှိနေပေမယ့်လည်း ဒေသတွင်း လုံလောက်မှု လုံးဝမရှိတဲ့အတွက်ကြောင့် မီးအလှည့်ကျဖြန့်ဖြူးပေးနေတယ်။ အမြန်ဆုံးနဲ့လက်တွေ့ အကောင်အထည်ဖော်ပေးဖို့ ဒေသခံတစ်ယောက်အနေနဲ့ လိုလားပါတယ်'' ဟု တီးတိန်မြို့နေ ဦးပါးဒါးလ်က ပြောပြခဲ့ပါတယ်။ 

၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ချင်းပြည်နယ်အတွက် ရန်ပုံငွေကျပ် ၁၂၇၈ဝ၈ ဒသမ ၄ဝ၆ သန်းရရှိခဲ့သည့်အနက်မှ ငွေကျပ်၁၄၃၂၉ ဒသမ ၉၉၂ သန်းကိုဒေသ ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတစ်ဆင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက်အသုံးပြုခဲ့ပါတယ်။ ၎င်းအပြင် ငွေကျပ် ၁၁၄၃၆ ဒသမ ၄၈၁ သန်း ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းအတွက်လည်းကောင်း၊ ငွေကျပ် ၉၅ဝ၆ ဒသမ ၆၉၇ သန်းကို မြို့ပြစည်ပင်သာယာရေး ဆိုင်ရာ လုပ်ငန်းများ အတွက်လည်းကောင်း ခွဲဝေချထားပေးခဲ့ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရပါတယ်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။