ကရင်ပြည်နယ်အတွင်းရှိ သဘာဝထုံး ကျောက်လိုဏ်ဂူများအနက် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ပိုမိုစိတ်ဝင်စားသော ဂူတစ်ခုမှာ သန်းပေါင်းများစွာ သောလင်းနို့များပျော်စံရာ လင်းနို့ဂူတစ်ခုလည်း ဖြစ်ပါတယ်။ လင်းနို့ဂူသည် ဘားအံမြို့နယ် သံလွင်တံတားအနီးဘားကပ်ကျေးရွာရှိ ဘားကပ်ဘုန်းတော်ကြီးကျောင်းတိုက်အတွင်း၌ တည်ရှိကာ ယခုနွေရာသီပိတ်ရက်အတွင်း နေ့စဉ် နိုင်ငံခြားသား ခရီးသွားဧည့်သည်များနှင့် ပြည်တွင်း ဘုရားဖူးဧည့်သည်များ လာရောက်၍ စည်ကားလျက်ရှိကြောင်း သိရပါတယ်။ လင်းနို့ဂူအတွင်း၌ လင်းနို့အကောင်ရေ သိန်းဂဏန်းအထိရှိပြီး လင်းနို့မျိုးစိတ် လေးမျိုးခန့်ရှိကြောင်း သိရပါတယ်။ ၎င်းလင်းနို့ဂူကတော့ သဘာဝထုံးကျောက် လိုဏ်ဂူ အမျိုးအစားဖြစ်ပြီး အတွင်း၌ ဂူမှာနှစ်ထပ်ဖြစ်ကြောင်း သိရပါတယ်။ 

အောက်ထပ် ဂူ အတွင်းပိုင်းတွင် ပေ ၂ဝဝ ခန့်ရှည်လျားကာ အကျယ်ပေ ၈ဝ ခန့် ကျယ်ဝန်းပါတယ်။ အောက်ထပ်မှ အပေါ်ထပ်ဂူသို့ တက်ရန် သံလှေကား ပြုလုပ်ပေးထားကာ အပေါ်ထပ်တွင် အကျယ်မှာ ပေ ၄ဝ ခန့်သာရှိကြောင်း သိရပါတယ်။ ''လင်းနို့တွေက သာမန်လတွေဆိုရင် ညနေ ၅ နာရီခွဲဝန်းကျင် ထွက်တယ်၊ အခုလက လင်းနို့တွေ သန္ဓေရှိတဲ့အချိန် ရော နေဝင်နောက်ကျတာရောဆိုတော့ ညနေ ၆ နာရီခွဲဝန်းကျင်မှ ထွက်တယ်၊ အချို့ နိုင်ငံခြားသားတွေနဲ့ ပြည်တွင်း ဘုရားဖူးတွေ စောင့်ကြည့်တာကတော့ အရင်လတွေထက်စာရင် လျော့သွားတယ်''ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့ပါတယ်။ 

သာသနာပြုလုပ်ငန်းများ၊ ဂူ၏ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လင်းနို့ဂူသို့ လာရောက်လေ့လာ ကြသည့် နိုင်ငံခြားသား ဧည့်သည်များကို တစ်ဦးလျှင် တစ်ထောင်ကျပ်နှုန်း ကောက်ခံပြီး ပြည်တွင်းဘုရားဖူးများနှင့် လာရောက်လေ့လာသူများကိုမူ ကောက်ခံခြင်းမရှိကြောင်း သိရပါတယ်။ နိုင်ငံခြားသားများထံမှ ကောက်ခံရရှိ ငွေများဖြင့် သမိုင်းအမွေအနှစ်များ ပျောက်ကွယ် မသွားစေရန်အတွက် မြတ်စွာဘုရား၏ ရုပ်ပွားတော်များ၊ စေတီပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံခြင်း၊ အသစ်တည်ထားကိုးကွယ် ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဂူထဲတွင်စေတီငါးဆူနှင့် မြတ်ဗုဒ္ဓ၏ရုပ်ပွားတော် ၁၃ ဆူအထိ မွမ်းမံပြင်ဆင်ခြင်း၊ အသစ် တည်ထားကိုးကွယ်ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။