တရုတ်နိုင်ငံရဲ့ ကွန်ဂရက် လွှတ်တော် အဆုံးသတ်မှာ သမ္မတ ရှီကျင်းပင်က ပြင်းထန်တဲ့ တရုတ် အမျိုးသားရေး ဝါဒ လွှမ်းမိုး နေတဲ့ မိန့်ခွန်း ပြောခဲ့ပါတယ်။

လက်ရှိ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံရဲ့ အချုပ်အခြာ ပိုင်နက် နယ်မြေ တလက်မချင်းစီကို ကာကွယ် သွားမယ်လို့ သမ္မတ ရှီက ပြောသွားတာပါ။

သမ္မတ ရှီကျင်းပင်ရဲ့ မိန့်ခွန်းက အတော်လေးပြတ်သားပါတယ်။

တရုတ်ပြည်ကြီးရဲ့ ပိုင်နက် တစွန်းတစကို ဖဲ့ထုတ် ကွဲပြား သွားစေဖို့ ကြိုးစားတာ မှန်သမျှ ကြမ္မာဆိုးကြုံပြီး အရှုံးနဲ့ကြုံရစေမယ် ဆိုပြီး ပြင်းပြင်းထန်ထန် ပြောသွားတာပါ။

ဟောင်ကောင်မှာ တိုးတက် ဖြစ်ပေါ်နေတဲ့ ကိုယ်ပိုင် လွတ်လပ်ရေး ရဖို့ တောင်းဆို လှုပ်ရှားမှုတွေနဲ့ တိုင်ဝမ်ကျွန်း အရေးကို သမ္မတရှီ အဓိက ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဖဲ့ထုတ် ကွဲပြား သွားစေဖို့ ကြိုးစားတာ မှန်သမျှ ကြမ္မာဆိုးကြုံပြီး အရှုံးနဲ့ကြုံရစေမယ်ရှီကျင်းပင်

ဒါပေမယ့်လည်း တိုင်ဝမ် အရေးနဲ့ ပတ်သက်ရင် တရုတ် အမျိုးသား အချင်းချင်း ဆိုတဲ့ သဘောထား အပေါ် အခြေခံပြီး ပြည်မကြီးနဲ့ ပြန်လည် ပေါင်းစည်းရေးကို ငြိမ်းချမ်းတဲ့ နည်းလမ်းတွေ သုံးပြီး မြှင့်တင် လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တရုတ် တနိုင်ငံတည်း မူဝါဒကို ခိုင်ခိုင်မာမာ ယုံကြည်ရမယ်၊ ၁၉၉၂ သဘောတူမှုကို ကာကွယ်ရမယ်၊ ရေလက်ကြားပဲ ခြားနေတဲ့ တိုင်ဝမ်နဲ့ကြား ငြိမ်းချမ်းတဲ့ တိုးတက်မှုတွေ ရအောင် ဆက်ဆံရေး တိုးမြှင့်ကြ ဆိုပြီး သမ္မတ ရှီက ပြောသွားတာပါ။

သူပြောခဲ့တဲ့ ၁၉၉၂ သဘောတူမှု ဆိုတာ အဲဒီ အချိန် ၊ နှစ်ဘက် အရာရှိတွေကြား တွေ့ဆုံပွဲရဲ့ ရလဒ်ကို ရည်ညွှန်းတာ ဖြစ်ပြီး One China တရုတ် တနိုင်ငံတည်းမူ အပေါ် သဘောတူ ခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတွေပဲ ဖြစ်တဲ့ တိုင်ဝမ်နဲ့ကြား စီးပွားရေး ပူးပေါင်း ဆောင်ရွက်တာတွေ တိုးမြှင့်ကြ၊ ယဉ်ကျေးမှုတွေ ဖလှယ်ကြ၊ သူတို့ရဲ့ လူမှု ဘဝတွေကိုပါ မြှင့်တင်ပေးကြ ဆိုပြီး သမ္မတ ရှီက ဆော်ဩ ပါတယ်။

တိုင်ဝမ် အနေနဲ့ ပြည်မကြီးကနေ သီးခြား ခွဲထွက်မယ် ဆိုရင်တော့ သမိုင်းက ဒဏ်ခတ် လိမ့်မယ် လို့လည်း ရှီကျင်းပင်က သတိပေးပါတယ်။

One China တရုတ် တနိုင်ငံတည်းမူ အပေါ် သဘောတူ ခဲ့ကြ

တရုတ်ဟာ ကမ္ဘာ့နိုင်ငံရေးမှာ အင်အားကြီး အဓိက နိုင်ငံ အဖြစ် ထွန်းတောက် လာပြီလို့လည်း မစ္စတာရှီက သူ့မိန့်ခွန်းထဲ ပြောခဲ့ပါတယ်။

ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းမယ့် တရုတ်နည်းလမ်း ရှိနေပြီလို့ ရှီကျင်းပင်က ကြုံးဝါး ရင်းမှာပဲ တရုတ်ပိုင်နက်ကိုလည်း ဖဲ့အထုတ် ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတကာကို သတိပေးပါတယ်။

တရုတ်ပြည်ကြီး အချုပ်အခြာကို အာဏာ တည်တံ့ဖို့၊ ပိုင်နက်မြေတွေ မပြိုကွဲဘဲ တစုတစည်းတည်း ရှိဖို့ ဆိုတာ တရုတ်ပြည်သူ အားလုံးရဲ့ ဘုံ မျှော်လင့်ချက် ဖြစ်တယ် ၊ ဒါကို ထိပါးဖို့ ကြိုးစားတာမှန် သမျှ ကြမ္မာဆိုး ကြုံရစေမယ်လို့ သမ္မတ ရှီက ပြောသွားတာပါ။

တိုင်ဝမ် သီးခြားရပ်တည်မှုကို ထောက်ခံမှုတွေ ပြခိုင်း

ပြည်လည် ပေါင်းစည်းရေးဆိုတာကို သမ္မတရှီက အသားပေး ပြောခဲ့တဲ့ အတွက် တိုင်ဝမ်ကလည်း သူတို့ သီးခြားရပ်တည် နေတာကို ထောက်ခံမှုတွေ ပြကြပါ ဆိုပြီး အထူးသဖြင့် အမေရိကန်နဲ့ ဂျပန်တို့ကို ရည်ရွယ်လို့ တုံ့ပြန်ပါတယ်။

တရုတ်ပြည် နိုင်ငံရေးကို ကြည့်ရင်တော့ သမ္မတ သက်တမ်း အကန့်အသတ်ကိုလည်း ပယ်ဖျက်ပြီးပြီ၊ အကျင့်ပျက်မှု တိုက်ဖျက်ရေး နိုင်ငံရေး ပြိုင်ဘက်တွေကို ဖယ်ရှားပြီး အခု ကွန်ဂရက်မှာ ရှီနဲ့ နီးစပ်တဲ့ မိတ်ဘက်တွေ လည်း အဓိက ရာထူး နေရာကို ရယူ ပြီးပြီ ဆိုတော့ ရှီကျင်းပင်ကို ပြိုင်နိုင်မယ့်သူ ဘယ်သူ ကျန်သေးသလဲ ဆိုတာ မမြင်ရသလောက်ပဲလို့ ဘေဂျင်းမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် စတီဖင် မက္ကဒေါ်နယ်က သုံးသပ် ပါတယ်။

source - BBC news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။