ယခု နွေဦးကာလတွင် ထွက်ရှိလာသော ဖူးစားပြောင်းများမှာ ယမန်နှစ်ဈေးနှုန်းထက် ကျပ်တစ်သောင်းကျော်မြင့်တက်ကာ မန္တလေးဈေးကွက်၌ အရောင်းသွက်လျက်ရှိ ကြောင်း သိရပါတယ်။ အဆိုပါပြောင်းများမှာ ယမန်နှစ်က ၅၄ ပိဿာ ကျပ် ၂၃ဝဝဝ နှုန်းသာ ရှိခဲ့သော်လည်း ယခုနှစ် မတ် ၁၈ ရက်တွင် ဝယ်လက်စုံမှုကြောင့် ကျပ် ၃၅ဝဝဝ နှုန်းအထိ မြင့်တက်လာကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောပြခဲ့ပါတယ်။  

''ဒီပြောင်းကို တရုတ်နိုင်ငံကလည်း တစ်နှစ်ပတ်လုံး တစ်လျှောက်လုံးဝယ်ခဲ့လို့ လက်ကျန်နည်းသွားတဲ့အပြင် ပြည်တွင်းမှာလည်း တိရ္ဆာန်အစာစပ်စက်ရုံတွေ တည်ဆောက်လာကြတဲ့အတွက် ပြည်တွင်းကော၊ ပြည်ပကပါ ဝယ်ယူနေကြတဲ့အတွက် ဈေးတက်သွားတာပါ။ လွန်ခဲ့တဲ့ လေးနှစ်က မြန်မာ့ပြောင်းကို ဓာတုဆေးဝါး အကြောင်းပြပြီး တရုတ်က ဈေးနှိမ်ခဲ့ကြပေမယ့် ဒီနှစ်တော့ ဟန်တောင်မဆောင် နိုင်ဘဲ ဝယ်နေကြပြီလေ၊ အခုလို ဈေးကောင်းတော့ တောင်သူတွေပျော်နေကြပေမယ့် အစာစပ်စက်ရုံတွေအဖို့ ငြီးတွားစရာပါပဲ''ဟု ၎င်းက ပြောပြခဲ့ပါတယ်။  

ရေစကြိုမြို့နယ်မှ တောင်သူဦးကျော်မြင့်က ''မြစ်ရေအတက်စောလို့ ရေဘေး ကြောင့် ပျက်စီးဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပါတယ်။ ဒီနှစ်တော့ ကျွန်တော့်အခင်းက ရေလွတ်ချိန်ရိတ်သိမ်းနိုင်တဲ့အတွက် အပျက်အစီးမရှိ တင်းငါးရာလောက်ထွက်တယ်။ ထွက်တဲ့အချိန်မှာလည်း ဈေးကောင်းရတယ်''ဟု ပြောပြထားပါတ ယ်။မြန်မာနိုင်ငံတွင် ဖူးစားပြောင်းများကို ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ယခုရာသီတွင်ထွက်ရှိသည့် နွေပြောင်းများမှာ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အစောဆုံး ထွက်ရှိလာခြင်းဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး မှလည်း ထွက်ရှိလာတော့မည်ဖြစ်ကြောင်း သိရပါတယ်။

Source - Myanmaalinn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။