မောင်တောမြို့နယ် ငါးခူရရွာမှာ ပြည်တွင်းပြည်ပမီဒီယာတွေကို လက်ခံဖြေကြားပေးသူ ရွာသားတဦး အသတ်ခံလိုက်ရပါတယ်။မောင်တောမြို့နယ်မြောက်ပိုင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့တွေ လာရောက်စဉ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ငါးခူရကျေးရွာတွင် မေးမြန်းမှုများကို တွေ့ဆုံဖြေကြားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ဒုစ်မာမက်(ခ) ရှူနာမျာကို အကြမ်းဖက်သမားများက အဲဒီနေ့ ညနေပိုင်းမှာပဲ ခေါင်းဖြတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရှိရပါတယ်။

“ညနေပိုင်းရွာထဲမှာရောက်လာတဲ့ သတင်းထောက်တွေမေးတာတွေကို ဖြေတယ်။ ရွာထဲက မီးလောင်တဲ့ နေရာတွေကိုလည်း လိုက်ပြခဲ့တယ်။ သတင်းထောက်တွေ ပြန်သွားတော့ ညနေ ၆ နာရီလောက် အိမ်ပြန်လာ အဝတ်အစားလဲပြီး ရွာထဲသွားဦးမယ်ဆိုပြီးထွက်သွားကတည်းက ၂၂ ရက်နေ့ထိ ပြန်မလာတော့တာပါ။ လိုက်ရှာလို့လဲ မတွေ့လို့ ငါးခူရစခန်းမှာ အကြောင်းကြားခဲ့တာပါ။” လို့ ပျောက်ဆုံးသွားသူရဲ့ ဆွေမျိုးတဦးကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ရှူနာမျာကို ငခူရနယ်မြေစခန်းက နယ်မြေမှူးကိုယ်တိုင်ဦးဆောင်တဲ့အဖွဲ့နဲ့ လိုက်လံ ရှာဖွေခဲ့တာမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လည် ၂ နာရီ ၃ဝ လောက်မှာ ဒိုးတန်းရွာနဲ့ ငါးခူရရွာကြား၊ စပါယ်ပင်ရင်းချောင်းအနီးက လယ်ကွင်းစပ်မှာ သွေးကွက်တွေတွေ့တဲ့အတွက် ဆက်လက်လိုက်ရှာဖွေ ခဲ့ကြပြီး ဒီဇင်ဘာ ၂၃ ရက်နေ့နေ့လည်ပိုင်းမှာမှ ရှူနာမျာရဲ့ အလောင်းကို စံပါယ်ပင်ရင်းချောင်းထဲမှာ ဦးခေါင်းမပါဘဲ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံဖြေကြားတဲ့အခါမှာ ငါးခူရရွာမှာ စစ်တပ်နဲ့ရဲက မီးရှို့တာ၊ အဓမ္မ ကျင့်တာ မရှိကြောင်း၊ မတရားဖမ်းဆီးတာမရှိကြောင်းဖြေကြားခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေ က ဖမ်းဆီးသတ်ဖြတ်တယ်လို့ယူဆထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ငါးခူရနယ်မြေစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။