မောင်တောအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက် အမျိုးသမီးအချို့ အဓမ္မ ပြုကျင့်ခံရမှု ကောလာဟလနှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အပေါ် သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက်ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး များကို အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်သမားများက အကြမ်းဖက် စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခို်က်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး လက်နက်မျိုးစုံ ၅၁ လက်နှင့် ကျည်မျိုးစုံ ဆုံးရှုံးခဲ့ရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများအနေဖြင့်လည်း အကြမ်းဖက် တိုက်ဖျက်ရေး၊ ဆုံးရှုံးလက်နက်များနှင့်ကျည်များ ပြန်လည်ရရှိရေး၊ အကြမ်းဖက်သမား များအား ဖော်ထုတ်ရှာဖွေဖမ်းဆီးရေး လုပ်ငန်းများကို တရားဥပဒေနှင့်အညီ မောင်တော ဒေသအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့သည်။

အကြမ်းဖက်သမားများသည် အင်တာနက်နှင့် လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်သော သတင်းများလွှင့်တင်ခြင်း၊ ပြည်ပမီဒီယာအချို့ကလည်း မဟုတ် မမှန် လုပ်ကြံထားသည့် တစ်ဖက်သတ် စွပ်စွဲချက်သတင်းများကို မီဒီယာ ကျင့်ဝတ်နှင့် မညီဘဲ ထုတ်လွှင့်ခြင်းများ ဆောင်ရွက်၍ အဖျက်သဘောဖြင့် သတင်းဆိုးများကို ဖြန့်ဝေလျက်ရှိသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင် သည် ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်နေ့အထိ မောင်တောဒေသသို့ သွားရောက်၍ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း ကော်မရှင် အဖွဲ့ဝင် အမျိုးသမီးရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်သက်သက်ဇင်နှင့် အဖွဲ့ဝင် များသည် ကျေးရွာသူ၊ ကျေးရွာသားများ၊ အမျိုးသမီးများနှင့် ကလေးများကို တွေ့ဆုံ ကာ 

အမျိုးသမီးများ အဓမ္မ ပြုကျင့်ခံရမှု ရှိမရှိ ကို အသေးစိတ် မေးမြန်းခဲ့သည်။ ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းတွင် ပြောင်ပိုက်ကျေးရွာသို့ ရောက်ရှိစဉ် မဂျာမာလီဟာ နှင့် သီးခြားတွေ့ဆုံ၍ ကိုယ်တိုင် အဓမ္မ ပြုကျင့်ခံရမှု ရှိမရှိ၊ အခြား အမျိုးသမီးငယ် များကိုလည်း အဓမ္မ ပြုကျင့်ခံရမှု ရှိမရှိ နှင့် မျက်မြင်ကိုယ် တွေ့သိရှိရခြင်း ရှိမရှိ တို့ကို မေးမြန်းခဲ့ရာ ကိုယ်တိုင်လည်း ပြုကျင့်ခံရမှု မရှိကြောင်း၊ အခြားသူများ ပြုကျင့်ခံရမှု ကိုလည်း မြင်တွေ့သိရှိိခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။

ပြည်တွင်း ပြည်ပ မီဒီယာများ ပါဝင်သော သတင်းမီဒီယာအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ရခိုင်ပြည်နယ်သို့ သွားရောက်သည့်ခရီးစဉ်တွင် မောင်တော မြို့နယ် ပြောင်ပိုက်ကျေးရွာသို့ ဒီဇင်ဘာ ၂၁ ရက်က ရောက်ရှိစဉ် ပြောင်ပိုက်ကျေးရွာ နေ မဂျာမာလီဟာ ၂၅ နှစ် နှင့် ငါးစားကြူးကျေးရွာနေ ဒေါ်သန်းသန်း (ခ) မနိုရ်ဂျန် ၃၂ နှစ်တို့အားတွေ့ဆုံမေးမြန်းရာ မဂျာမာလီဟာက ၎င်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ခံရကြောင်း ဖြေကြားခဲ့သည်။

သို့ဖြစ်၍ ဖြစ်ရပ်မှန်ပေါ်ပေါက်ရေး၊ ကျူးလွန်ခဲ့သူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နစ်နာသူများအား ဥပဒေနှင့်အညီ အကာအကွယ်များ ပေးအပ် နိုင်ရေး အတွက် ဒီဇင်ဘာ ၂၂ ရက်တွင် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ပြောင်ပိုက်ကျေးရွာသို့ သွားရောက်ကာ ပြောင်ပိုက်ကျေးရွာ ရာအိမ်မှူး ခါလီ၊ စပယ် ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မာမတ်အီနူးနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံမေးမြန်း ခဲ့သည်။

မဂျာမာလီဟာနှင့် ဒေါ်သန်းသန်းတို့သည် ပြောင်ပိုက်ကျေးရွာတွင် နေထိုင်ခြင်း မရှိဘ ဲ ငါးစားကြူး ကျေးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရှိ ရသဖြင့် လာရောက်ရန် ခေါ်ယူခဲ့သော်လည်း လာရောက်ခြင်း မပြုဘဲ တိမ်းရှောင်လျက်ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်အရ သိရှိရသည်။

ပြောင်ပိုက်ကျေးရွာရှိ မဂျာမလီဟာ၏ နေအိမ်အနီးပတ်ဝန်းကျင်နေ အဘူဘော်ရှော့၊ မနူရ်နတ်၊ ရာအိမ်မှူး တို့အား မေးမြန်းရာ အဓမ္မ ပြုကျင့်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ မှန်ကန်မှု မရှိကြောင်း၊ အဓမ္မ ပြုကျင့်ခံရသည်ဟု ကျေးရွာအတွင်း မကြားမိကြောင်း၊ ၎င်းအနေဖြင့် သတင်းထောက်များအား မည်သည့်ရည်ရွယ်ချက်ဖြင့် အဓမ္မပြုကျင့်ခံ ရသည်ဟု ပြောကြားသည်ကို မသိ ရှိကြောင်း ဖြေကြားခဲ့သည်။

မောင်တောခရိုင် အတွင်းရှိ ဒေသခံများအနေဖြင့် အဓမ္မပြုကျင့်ခံရမှုများ ရှိပါက ဥပဒေနှင့်အညီ အမှုဖွင့်တိုင်ကြားနိုင်ကြောင်း၊ မှန်ကန်မှုရှိပါက တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် အမှန်တစ်ကယ် နစ်နာသူများအား ထိထိရောက်ရောက် အကာအကွယ်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။