လူ ၉၁ ဦး လိုက်ပါသွားသော ရုရှား စစ်ဘက်လေယာဉ်တစ်စင်း ပျက်ကျ

လူ ၉၁ ဦးကို တင်ဆောင်ကာ ဆီးရီးယားသို့ ဦးတည်ပျံသန်းနေသည့် ရုရှားစစ်လေယာဉ် တစ်စင်းသည် ဒီဇင်ဘာ ၂၅ ရက်က ပင်လယ်နက်ထဲသို့ ပျက်ကျသွားခဲ့သည်။ ထိုလေယာဉ်ပေါ်တွင် ရုရှားစစ်သားများနှင့်အတူ နှစ်သစ်ကူးပွဲဆင်နွှဲမည့် ဂီတပညာရှင်များလည်း လိုက်ပါသွားကြကြောင်း သိရသည်။

“ဆိုချီမြို့ရဲ့ ပင်လယ်နက်ကမ်းရိုးတန်းကနေ ၁ ဒသမ ၅ ကီလိုမီတာဝေးတဲ့ ပင်လယ်ရေပြင်မှာ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Tu-154 လေယာဉ်ရဲ့ အပိုင်းအစတွေကို ရေအောက်အနက် မီတာ ၅၀ မှ ၇၀ ရှိတဲ့နေရာမှာ တွေ့ခဲ့ပါတယ်။ အလောင်း တစ်လောင်းကိုလည်း တွေ့ပါပြီ”ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၅ နာရီ မိနစ် ၄၀ တွင် နိုင်ငံတောင်ပိုင်းမြို့ အက်ဒလာမှ စတင်ထွက်ခွာလာခဲ့ပြီး မကြာမီမှာပင် ရေဒါမှ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ အက်ဒလာမြို့သည် ပင်လယ်နက် အပန်းဖြေစခန်းမြို့ ဆိုချီ၏ တောင်ဘက်တွင် တည်ရှိသည်။

ထိုလေယာဉ်သည် ရုရှားနိုင်ငံ၏ မေမီမန်လေတပ်စခန်းမှ ဆီးရီးယားနိုင်ငံ၏ ကမ်းရိုးတန်းမြို့ လတာကီယာသို့ ပုံမှန်ခရီးစဉ် ပြေးဆွဲနေစဉ် ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုလေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ရှစ်ဦး၊ ရုရှားစစ်သား ၈၃ ဦးနှင့် စစ်တပ်၏ ဂီတအဖွဲ့ဖြစ်သော Alexandrov Ensemble မှ အဖွဲ့ဝင်များ လိုက်ပါသွားကြကြောင်း သိရသည်။

ထို Alexandrov Ensemble ဂီတအဖွဲ့သည် ဆီးရီးယားရှိ အခြေစိုက်စခန်း၌ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲများကျင်းပရာတွင် ပါဝင်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လေယာဉ်ပေါ်တွင် မီဒီယာသမား ကိုးဦးလည်း လိုက်ပါသွားသည်ဟု သိရသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်လည်း ယခုသတင်းကို သိရှိပြီး ရှာဖွေရေးလုပ်ငန်းများ၏ နောက်ဆုံးသတင်းများကို စောင့်နေသည်ဟု ကရင်မလင်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပီစကော့ဗ်က ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျရသည့် အကြောင် ရင်းကို သိရှိရန် ရုရှားထောက်လှမ်းရေးကော်မတီက ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတစ်ခုကို စတင်လုပ်ဆောင်နေပြီဟု သိရသည်။ လက်ရှိတွင် ထောက်လှမ်းရေးများသည် လေယာဉ်ထွက်ခွာနိုင်စေရန် ပြင်ဆင်ပေးသည့် နည်းပညာရှင်များကို မေးမြန်းမှုများ ပြုလုပ်နေသည်ဟု ကော်မတီက ထုတ်ပြန် ထားသည်။ ယခုပျက်ကျခဲ့သည့် Tu-154 လေယာဉ် အမျိုးအစားသည် ယခင်က လေယာဉ်မတော် တဆမှုများတွင်လည်း ပါဝင်ခဲ့ဖူးသည်။ ၂၀၁၀ ပြည့်နှစ် ဧပြီလက ပိုလန်သမ္မတ လိချ်ကာရှန်စကီအပါအဝင် ရာထူးကြီးပိုလန် အစိုးရအရာရှိများစွာ လိုက်ပါသွားသော Tu-154 လေယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ အနောက်ပိုင်း စမိုလီယန့်စ်က်လေဆိပ်သို့ ဆင်းသတ်ရန် ချဉ်းကပ်လာစဉ် ထူထပ်သော မြူထုအတွင်း ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများအားလုံး သေဆုံးခဲ့ရသည်။

Source: Eleven Media Group

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။