ဗိုလ်တထောင်ဘုရား ဂေါပက ရုံးအဖွဲ့မှူးဟောင်းကို ထောင် ၁ဝ နှစ် အမိန့်ချ

ဗိုလ်တထောင်ဘုရား ဘဏ္ဍာငွေ သိန်း ခုနစ်ရာကျော် အလွဲ သုံးစားသည် ဟုဆိုသော အသက် ၅၆ နှစ်အရွယ် ဂေါပက ရုံးအဖွဲ့မှူးဟောင်း ဦးတင်အောင်ထွန်းကို အလုပ်နှင့် ထောင်ဒဏ် ၁ဝ နှစ် ကျခံစေရန် အနောက်ပိုင်းခရိုင် တရားရုံးက ဒီဇင်ဘာလ ၂၆ ရက်တွင် အမိန့် ချမှတ်လိုက်ပြီဖြစ်သည်။

အဆိုပါ ဂေါပက ရုံးအဖွဲ့မှူးဟောင်း ဦးတင်အောင်ထွန်းသည် ၎င်းသက်တမ်း ငါးနှစ်အတွင်း ဗိုလ်တထောင် ဘုရားပိုင် ရန်ပုံငွေ ကျပ်သိန်း ၇၄ဝ ခန့်ကို ဘဏ်သို့အပ်နှံရန် တာဝန် ပေးခဲ့သော်လည်း အပ်နှံခြင်း မရှိဘဲ မိမိကိုယ်ကျိုးအတွက် အသုံးပြုထားသည်ကို ဘဏ္ဍာငွေ စစ်ဆေးရေးအဖွဲ့ စစ်ဆေး ပေါ်ပေါက်ချက်အရ ဂေါပကရုံးမှ တာဝန်ရှိသူ ဦးအေးကျော်က ဆိပ်ကမ်း မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင် တရားရုံးထံမှ သိရှိရသည်။

“တရားလိုပြ သက်သေ ၁ဝ ဦးကျော်နဲ့ စွပ်စွဲခံရသူဘက် သုံးဦး စစ်ဆေးခဲ့တယ်၊ ဗိုလ်တထောင် ဘုရားဝန်းထဲမှာ ရှိတဲ့ဆိုင်ခန်းငှားခ၊ ကားပါကင်ထိုးခ အပါအဝင် ဘုရားပြုပြင် မွမ်းမံရန် ထားတဲ့ ရန်ပုံငွေတွေကို အလွဲသုံးစား လုပ်ခဲ့တယ်လို့ စစ်ဆေး ပေါ်ပေါက်အရ ထောင်ဒဏ် ချမှတ်ခဲ့တာပါ”ဟု အနောက်ပိုင်း ခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဗိုလ်တထောင်ဘုရား ရန်ပုံငွေများကို အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ချမှတ်ခံရသူကို ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့က ဆိပ်ကမ်း မြို့မရဲစခန်းတွင် ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု ရာဇသတ်ကြီး ပုဒ်မ ၄ဝ၉ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ခရိုင်ဥပဒေရုံးက ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သော ပစ္စည်းများ ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ ဖြင့် တရား စွဲဆိုရန် အကြံပြုခဲ့သည့်အတွက် ပြောင်းလဲ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဂေါပကရုံး အဖွဲ့မှ တာဝန်ရှိသူ ဦအေးကျော်၏ လက်ကိုင်ဖုန်းနံပါတ်သို့ ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေဆိုခြင်း မပြုခဲ့ပေ။

Source: The Voice

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။