၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်အချိန် နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းသို့ Facebook Account တစ်ခုတွင် (၁၃)နှစ်အောက် မိန်းကလေးများနှင့် ကာမစပ်ယှက်သည့် ညစ်ညမ်းဗီဒီယိုဇာတ်လမ်းများ ရောင်းချနေကြောင်း တာဝန်သိပြည်သူတစ်ဦးက အကြောင်းကြားလာသဖြင့် ရဲတပ်ဖွဲ့သို့ ဆက်လက်အကြောင်းကြား ခဲ့သည်။

အမှတ်(၁)မှုခင်းရဲတပ်ဖွဲ့စု(နေပြည်တော်)မှတပ်ဖွဲ့ဝင်များက စုံစမ်းခဲ့ရာ Xboylay-13 under Facebook Account အားတွေ့ရှိပြီး (၁၃)နှစ်အောက်မိန်းကလေးများနှင့် ကာမစပ်ယှက် သည့် ညစ်ညမ်းဗီဒီယိုဇာတ်ကား(၁၀၀)လျင် ဖုန်းဘီလ်(၃၀၀၀)ကျပ်၊ ဇာတ်ကား(၂၀၀)လျင် ဖုန်းဘီလ်(၅၀၀၀)ကျပ်၊ ဇာတ်ကား(၅၀၀)လျင် ဖုန်းဘီလ်(၁၀၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူနိုင်ကြောင်း ကြော်ငြာထားသဖြင့် တပ်ဖွဲ့ဝင်များက အသွင်ယူဆက်သွယ်ဝယ်ယူခဲ့သည်။

ဝယ်ယူသည့် ဖုန်းဘီလ် များအား ဆက်သွယ်လက်ခံသည့် ၀၉-၂၅၈၈××××× ဖုန်းနံပါတ်ကိုင်ဆောင်သူမှာ မြင်းခြံမြို့နယ်၊ ချောင်းလယ်ကျေးရွာနေ မျိုးလှိုင်ဦး(ခ)ဖိုးသား(၂၂)နှစ်ဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ ၎င်းအား နေပြည်တော်၊ အမှတ်(၁)မြို့မရဲစခန်း(ပ)၂၈၈/၂၀၁၆၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အရေးယူစစ်ဆေးခဲ့သည်။

၎င်းသည် လွန်ခဲ့သည့် (၅)လခန့်မှစ၍ ၀၉-၂၅၉၉××××× နှင့် ၀၉-၄၄၅၃×××× တို့ဖြင့် Sex Video များကို အင်တာနက်စာမျက်နှာများတွင် ရှာဖွေစုဆောင်းခဲ့ကြောင်း၊ ဆက်သွယ်ဝယ်ယူသူများအားဖုန်းဘီလ်ပို့သည့် ဖုန်းနံပါတ်သို့ အင်တာနက်မှ Link ကို ပြန်လည် ပေးပို့ခဲ့ကြောင်း၊ ရရှိလာသည့် ဖုန်းဘီလ်များအား ၎င်း၏ဖုန်းများတွင် ထည့်သွင်း အသုံးပြုကြောင်း၊ ၀၉-၂၅၈၈ ××××× ဖုန်းနံပါတ်မှာ ညီဖြစ်သူ မျိုးကျော်ကျော်(၁၇)နှစ်၏ ဖုန်းဖြစ်ကြောင်းသိရှိရ၍ မျိုးကျော်ကျော် အား ဆက်လက်စစ်ဆေးခဲ့သည်။

၎င်းသည် Sex Video များကို အင်တာနက် စာမျက်နှာများမှ စုဆောင်းပြီး ဖုန်းဘီလ်များဖြင့် ရောင်းချခဲ့ကြောင်း၊ ဆက်သွယ်ဝယ်ယူသူများကို ဖုန်းဘီလ်ပို့သည့် ဖုန်းနံပါတ်သို့ အင်တာနက်မှ Link ကို ပြန်လည်ပေးပို့ခဲ့ကြောင်း၊ ရရှိလာသည့် ဖုန်းဘီလ်များအား ၎င်းတို့နှစ်ဦး၏ဖုန်းများတွင် ဖုန်းဘီလ်များအား ထည့်သွင်းအသုံးပြု၍ ပိုသည့် ဘီလ်များအား ရွာထဲတွင်ပြန်လည်ရောင်းချခဲ့ကြောင်း သိရှိရ၍ မျိုးလှိုင်ဦး(ခ)ဖိုးသားနှင့် မျိုးကျော်ကျော် တို့အား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။