◆ ဒီဘဝပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘုရား တရားတော်တွေ တို့တတွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်အောင် ကုသနိုင်တဲ့ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့ ရောဂါမပျောက်နိုင်ပါ။ ရောဂါပျောက်ချင်ရင် ဆေးကိုမှန်မှန် သောက်ရပါတယ်။ တရားဆိုတာလည်း ဘဝမှလွတ်မြောက်အောင် မှန်မှန်နှလုံးသွင်းရပါတယ်။

◆ ကိုယ့်စိတ်ထဲမှာ နှလုံးသွင်းခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေ စိတ်ရဲ့အညစ်အကြေးတွေဟာ တဖြည်းဖြည်း သန့်စင်ပြီးတော့ နောက်ဆုံးမှာ ကိုယ့်စိတ်ဟာ ကြံ့ခိုင်တဲ့ စိတ်ဓာတ်မျိုးကို ရလာပါမယ်။ ကိုယ့်စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ကိုယ်ပဲလုပ်ရပါတယ်။

◆ အဲဒါကြောင့် မြတ်စွာဘုရားက “အတ္တာဟိ အတ္တနော နာထော” လို့ ဟောခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရတယ်ဆိုတာ အင်မတန်မှ လက်တွေ့လည်းကျပါတယ်။ တရားဟာ မိမိရဲ့ဘဝပဲ။ ကိုယ့်ဘဝပဲ။ တရားလို့ ပြောလိုက်တာနဲ့ စီးပွား၊ ရာထူး၊ သားသမီး၊ ဇနီးမယားကိုစွန့်ပြီး အမျိုးသမီးတွေက မယ်သီလရှင်ဝတ်ဖို့ မလိုပါ။ အမျိုးသားတွေက ဘုန်းကြီးဝတ်ဖို့ မလိုပါ။ မိသားစုနဲ့နေရင်းလည်း တရားရနိုင်ပါတယ်။ ကျင့်ဖို့ရာ အဓိက ဖြစ်ပါတယ်။ နှလုံးသွင်းတရားဟာ အင်မတန်မှ အရေးကြီးပါတယ်။

◆ မြတ်စွာဘုရား လက်ထက်တုန်းက မိသားစုနဲ့နေရင်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တွေဖြစ်တာ ရှိပါတယ်။ အနာဂါမ် ဖြစ်သည်အထိအောင်တောင်မှ မိသားစု အသိုင်းအဝန်းထဲမှာ ရှိနေသေးပါတယ်။ နောက်ဆုံး ရဟန္တာဖြစ်သွားရင်တော့ သူက မိသားစုနဲ့ မနေတော့ပါ။အဲဒီလို တရားဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် ကျင့်တဲ့ပုဂ္ဂိုလ်မှာ ရနိုင်ပါတယ်။

◆ ပစ္စည်းသံယောဇဉ်၊ သားသံယောဇဉ်၊ သမီးသံယောဇဉ်ဆိုတော့ ပစ္စည်းကို စွန့်ရမှာလား၊ သားကိုစွန့်ရမှာလား၊ သမီးကိုစွန့်ရမှာလားလို့ လူတွေက ထင်နေကြတယ်။ ဘယ်ဟာမှစွန့်စရာ မလိုပါဘူး။ စွန့်ရမှာက ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့တွယ်တာမှုကို စွန့်ရမှာပါ။ အတွယ်အတာမရှိဘဲနဲ့နေတာ မေတ္တာနဲ့ နေတာပါ။ အဲဒီတော့ သားစွန့်ဖို့လည်း မလိုပါ။ သမီးစွန့်ဖို့လည်း မလိုပါ။ ရာထူးစွန့်ဖို့လည်း မလိုပါ။ တွယ်တာမှုကိုပဲ စွန့်ဖို့ လိုပါတယ်။

◆ အဲဒါကြောင့်မို့လို့ မြတ်စွာဘုရားက တရားတော်တွေဟာ “သတိသမ္ပဇည” တရားကိုယ့်သန္တာန်မှာ ဖြစ်ပွားအောင် ကြိုးစားပြီးတော့ အမှန်အကန်သိမယ်ဆိုရင် ဘဝမှာ နေပျော်ပြီး နောက်ဆုံးမှာ ဘဝက လွတ်မြောက်တဲ့ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီ ကိုယ်စီ သဘောကျကာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ ကုန်သတည်း။ ။

➢ အရှင်နန္ဒမာလာဘိ၀ံသ (Ph.D)

ဘေသဇ္ဇဂုရုတရားတော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။