ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မိသရောင်ကျေးရွာအုပ်စု၊ ကော့စပလုကျေးရွာတွင် အရက်အတူသောက်ရင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားပြီး ပြစ်မှုကျူး လွန်သူမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးတိမ်းရှောင်သွားပြီဖြစ်ကြောင်း မိသရောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခွန်မောင်ချစ်မှ သာယာကုန်းရဲကင်းမှူး ရဲအုပ် စိုးမင်းအောင်ထံ ဒီဇင်ဘာလ(၂၄)ရက်နေ့ ည(၈)နာရီကျော်အချိန်ခန့်တွင် ဖုန်းဖြင့် သတင်းပို့ အကြောင်း ကြားသိရှိခဲ့ရသဖြင့် ရဲအုပ် စိုးမင်းအောင်မှ ဖြစ်စဉ်အား မေးမြန်းခဲ့ပြီး အထက်အဆင့်ဆင့် သို့သတင်းပို့တင်ပြခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်ပွားခဲ့မှုအပေါ် ပြစ်မှုကျူးလွန်သူအား အချိန်မှီပိတ်ဆို့ ဖမ်းဆီးနိုင်ရန် အတွက် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း၊ ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းဆွေတို့၏လမ်းညွန်ချက်ဖြင့် ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ကြာညိုမှ အနီးကပ်ကြပ်မတ်၍ရဲအုပ် စိုးမင်းအောင်အား အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရန်ညွန်ကြားခဲ့ပြီး ပြစ်မှုကျူးလွန်သူပိတ်ဆို့ဖမ်းဆီးနိုင်ရေးအတွက် တံတားလုံခြုံရေးတာဝန်ကျအဖွဲ့များ၊ ဘားအံမြို့နယ်ရဲတပ်ဖွဲ့ကွပ်ကဲမှုနယ်မြေအတွင်းရှိ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ထွက်ပြေးသွားသည့် ဆိုင်ကယ် အမျိုးအစားနှင့်ပြစ်မှုကျူးလွန်တိမ်းရှောင်သွားသူ၏ ပုံသဏ္ဍာန်အား ချပြကာ ပိတ်ဆို့ ရှာဖွေစစ်ဆေးသွားရန် ညွန်ကြားခဲ့ပြီ းမြို့နယ်ရဲတပ်ဖွဲ့မှူးမှအိန္ဒုနယ်မြေရဲစခန်းမှူး

ရဲအုပ် ဇော်နိုင်အောင်ဦးစီးသည့် နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည်။

ထို့နောက် သာယာကုန်းရဲကင်းမှူး ရဲအုပ် စိုးမင်းအောင်မှ သာယာကုန်းရဲကင်း၏ မြောက်ဘက် (၉)မိုင်ခန့်အကွာ အခင်းဖြစ်ပွားသော မိသရောင်ကျေးရွာအုပ်စု၊ ကော့စပလုကျေးရွာသို့ မိသရောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မောင်ချစ်၊သာယာကုန်း

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခွန်မိုးဟိန်းတို့အဖွဲ့နှင့်အတူ ရောက်ရှိစစ်ဆေးခဲ့ရာ သေဆုံး သူမှာ မြင့်အေး၊၄၂နှစ်၊ (ဘ)ဦးတော်တော့၊ ရွာအေးအေးရပ်ကွက်၊ သာမညကျေးရွာ အုပ်စု၊ ဘားအံမြို့နယ်နေသူဖြစ်ကြောင်းသိရပြီး အလောင်းအားစစ်ဆေးရာ နှာခေါင်း ရိုးကျိုး၊ ယာပါးရိုးကျိုးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေရှိခဲ့ပြီး အခင်းဖြစ် မြေပုံကြမ်း၊မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ ပြစ်မှုကျူးလွန်သည် ထွက်ပြေးနိုင်သည့် လမ်းကြောင်းအား စုံစမ်းမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြာညိုနှင့်အဖွဲ့ရောက်ရှိလာပြီး ရဲအုပ် ဇော်နိုင်အောင်ဦးစီးအဖွဲ့အား အလောင်းဆေးရုံပို့ဆောင်ပေးရန်တာဝန်ပေးခြင်း၊အပိုင်

နယ်မြေရဲကင်းမှူး ရဲအုပ် စိုးမင်းအောင်ဦးစီးအဖွဲ့အား ပြစ်မှုကျူးလွန်သူ ထွက်ပြေး နိုင်သည့်လမ်းကြောင်း တစ်လျှောက်သို့ ထပ်ကြပ်မခွာလိုက်ခံစုံစမ်းရှာဖွေစစ်ဆေးရန်

အသီးသီးတာဝန်ပေးခဲ့ပြီး မြို့နယ်မှူးနှင့်အဖွဲ့မှ ဖြစ်စဉ်အားအသေးစိတ်ဆက်လက် စစ်ဆေးခဲ့သည်။

စစ်ဆေးတွေ့ရှိချက်အရ ဖြစ်စဉ်မှာ ဒီဇင်ဘာလ(၂၄)ရက်နေ့ ညနေ(၅)နာရီ အချိန်ခန့်က မိသရောင် ကျေးရွာအုပ်စု၊ ကော့စပလုကျေးရွာနေ ဦးသုမောင်၊ ဇနီးဖြစ်သူ ဒေါ်အမူး ၊သားဖြစ်သူ အဂီး(ပြစ်မှုကျူးလွန်သူ) တို့နှင့်အတူ နေအိမ်တွင် ရှိနေစဉ် သာမညကျေးရွာအုပ်စု၊ ရွှေအေးအေးရပ်ကွက်တွင်နေထိုင်သည့်မြင့်အေး(သေဆုံးသူ) မှာ အရက်များဝယ်ယူလာပြီး နေအိမ်နောက်ဘေးရှိ မီးဖိုဘေးတွင် ဦးသုမောင်နှင့်အတူ အရက်အတူ ထိုင်သောက်နေခဲ့ကြောင်း တစ်နာရီခန့်အကြာ အိမ်အတွင်းအိပ်နေသော အဂီးအားနှိုးကာ ၄င်းတို့(၃)ဦး အရက်အတူထိုင်သောက်ခဲ့ကြကြောင်း၊ ယင်းအချိန်တွင် ဦးသုမောင်မှာ အလုပ်ပေါ်လာသဖြင့် အပြင်သို့ လိုက်ပါသွားရာ အဂီးနှင့် ဦးမြင့်အေးတို့ (၂)ဦး ဆက်လက်ပြီးအရက်အတူ ထပ်သောက်နေခဲ့ကြကြောင်း၊ ထိုသို့အရက်အတူ သောက်နေစဉ်ဦးမြင့်အေး(သေဆုံးသူ)မှာ အရက်မူးလာသဖြင့် အဂီးအား မင်းတို့ကို ငါပဲအရက်ဝယ်ပြီး အမြဲတိုက်နေရတယ်၊ မင်းတို့တိုက်တာ တစ်ခါမှမရှိဘူး ဟုပြောပြီး မီးဖိုအတွင်းမှ ထင်းမီးစအား ကိုင်ကာ အဂီးမျက်နှာအနီးကပ်ပြီး မင်းတို့ကလူမိုက်လား လူသတ်ရဲလားစသဖြင့် ပြောဆိုကာ အဂီးအား ခန္ဓာကိုယ်နှင့်ကိုယ်စောင်းတိုက်ခြင်းတို့ ပြုလုပ်ရာမှ စကားများကြပြီး လုံးထွေးစဉ် အဂီးမှာ မီးဖိုဘေးအနီးရှိ ထင်းပုံမှ ထင်း ချောင်းဖြင့် ရိုက်ခဲ့ကြောင်း၊ မြင့်အေးမှာလဲကျသွားပြီး ပြန်ထလာစဉ် အနီးရှိ ကျည်ပွေ့ဖြင့် ထပ်မံထုရိုက်ခဲ့သဖြင့် မြင့်အေးမှာ လဲကျသွားခဲ့ကြောင်း၊ မိခင်ဖြစ်သူမှာအခင်းဖြစ်နေစဉ် ကြောက်လန့်ကာ နေအိမ်အပြင်သို့ ပြေးထွက်ခဲ့သဖြင့် သားဖြစ်သူအဂီးမှာ အခင်ဖြစ်ပြီး မည်သည့် အချိန်၊ မည်သည့်နေရာသို့ ရှောင်တိမ်းသွားသည်ကို မသိရှိကြောင်းနှင့် နေအိမ်မှ ၄င်းပိုင် အလ်ယ်ဖာအမျိုးအစား၊ Wave-110၊ ဖြူ/မဲအရောင် (နံပါတ်မပါ) ဆိုင်ကယ်အား ယူဆောင်ကာရှောင်တိမ်းသွားကြောင်း စုံစမ်းသိရှိခဲ့ရသည်။

ထို့သို့ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ အပိုင်ရဲကင်းမှူး ရဲအုပ် စိုးမင်းအောင်ဦးစီးအဖွဲ့မှ ကော့စပလူကျေးရွာမှ နောင်ရွှေသို့သွားသည့် ကျေးရွာ ချင်းဆက် တောလမ်းတွင် ဆိုင်ကယ်တစ်စီးလမ်းဘေးတွင် တိမ်းမှောက်နေသည်ကို မြင်တွေ့ခဲ့ရကြောင်း မေးမြန်းသိရှိခဲ့ရသဖြင့် သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ရာ တိမ်းမှောက်နေသည့် ဆိုင်ကယ်မှာ ပြစ်မှုကျူးလွန်သူ မောင်းနှင်သွားသည့် ဆိုင်ကယ် ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့သည်။

ထို့နောက် ရဲအုပ် စိုးမင်းအောင် ဦးစီးအဖွဲ့မှ အဖွဲ့များခွဲကာ အနီးပတ်ဝန်းကျင်ရှာ ရာဘာခြံများ၊ တောင်ယာတဲများနှင့် ခိုအောင်နိုင်မည့် နေရာများအား ရှာဖွေစစ်ဆေး

ခဲ့ရာ ည(၁၀)နာရီ(၃၀)မိနစ်အချိန်ခန့်တွင် ယခင်ဆိတ်ခြံ အဟောင်း တဲတစ်လုံးအတွင်း မှ ပြစ်မှုကျူးလွန်သူ အဂီးအား ဖမ်းဆီးရမိခဲ့သဖြင့်အိန္ဒုနယ်မြေရဲစခန်းသို့ခေါ်ဆောင် လာခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြင့်အေး(သေဆုံးသူ)၏ ညီဖြစ်သူ ဦးစောတလမှ တရားလိုပြုလုပ်ကာ အဂီး၊ ၄၅နှစ်၊(ဘ)ဦးသုမောင်အား အရေးယူပေးရန် တိုင်တန်းခဲ့ သဖြင့် အိန္ဒုနယ်မြေ ရဲစခန်းမှ (ပ)၁၁၄/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် လှစ်ထားသဖြင့်ပြစ်မှုကျူးလွန်သူ အဂီးအား အမှုစစ် ရဲအုပ် စိုးမင်းအောင်မှ ဒီဇင်ဘာလ(၂၅)ရက်နေ့ (၀၀၄၀)အချိန်တွင် အမှုဖြင့် ဖမ်းဆီးခဲ့ပြီး ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ကျန်ရှိနေသေးသည့် ရဲလုပ်ငန်းများအား ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။

မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)

ဘားအံသတင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။