လက်ရှိပြည်တွင်းသောက်သုံးရေလိုအပ်မှုများစွာအတွက် တိုးတက်တဲ့နည်းပညာနှင့်အတူ ပြုလုပ်မှုတွေပြုလုပ်ခဲ့ပါပြီ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ကျေးရွာ ဒေသများရှိ ရေများကို သန့်စင်ထုတ်လုပ်ပေးနိုင်သည့် ရွေ့လျားရေသန့်စင်စက် သရုပ်ပြခြင်းကို ဧပြီလ(၁၁)ရက်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ '' ဒီစက်ရဲ့ထူးခြားချက်က ရေရှားပါးလို့ပဲဖြစ်ဖြစ် သဘာဝဘေးဒဏ်သင့် ဒေသတွေမှာပဲဖြစ်ဖြစ် ရေပေးဝေချင်ရင် ရေကို သယ်သွားစရာ မလိုပါဘူး၊ အဲဒီဒေသမှာ ရှိနေတဲ့ ရေကိုပဲ သန့်စင်ပြီး အသုံးပြုလို့ရတဲ့ ရေသန့်စင်စက် တပ်ဆင်ထားတဲ့ မော်တော်ယာဉ်ပါ။ 

(၂၄) နာရီဆိုရင် ရေဂါလံ(၁၅ဝဝဝ) အထိ ထုတ်လုပ်ပေးနိုင်ပြီး ဘက်တီးရီယားတွေ အမှုန်အမွှားတွေ၊ အနည်အနှစ်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓာတ်သတ္ထုတွေကိုတော့ မဖယ်ရှားနိုင်ဘူး၊ မြစ်ရေ၊ ချောင်းရေ၊ ကန်ရေတွေ ဘယ်လောက်ပဲ နောက်ကျိမှု ရှိရှိ၊ အနည်အနှစ်တွေ ဘယ်လောက်ပဲပါပါ လျှော့ချပေးနိုင်တယ်။ နောက်ပြီး ဘက်တီရီးယား ပါဝင်မှုကိုလည်း လုံးဝလျှော့ချပေးတယ်၊ တစ်နာရီထွက်ရှိမှု အနေနဲ့ကတော့ ရေနောက်ကျိမှုပေါ် မူတည်ပြီး တစ်နာရီကို ရေဂါလံ (၅ဝဝ)ကနေ (၆၅ဝ)အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ရေသန့်စင်တဲ့ စနစ်တွေကတော့ အလိုအလျောက် လုပ်ဆောင်ပေးတာပါ၊ ရေသန့်စင်နေရင်းနဲ့ အနည်အမှုန်တွေ စကာမှာ ပိတ်တာများနေရင်လည်း အလိုအလျောက် အပြင်ကို ပြန်ထုတ်ပေးတဲ့စနစ်တွေ ပါတယ်၊ ဒီစက်က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)ကနေ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်အတွင်းရှိ ဒေသတွေမှာ နွေရာသီရေရှားပါးချိန်ပဲ ဖြစ်ဖြစ် သဘာဝဘေးဒဏ်ကြောင့် သောက်သုံး ရေအခက်အခဲရှိတဲ့ ဘယ်ဒေသမဆို သွားရောက်ပြီး ဖြန့်ဝေပေးနိုင်ဖို့အတွက် တပ်ဆင်ပေးတာပဲ ဖြစ်ပါတယ်။ 

နောက်တစ်ခုက ပုဂ္ဂလိက ရေအလှူရှင်တွေအနေနဲ့ လှူဒါန်းလိုပါက အလှူရှင်အနေနဲ့ စက်သုံးဆီကိုပဲ အကုန်အကျခံ ပေးရပါမယ်။ စက်ကိရိယာဖိုး မကုန်စေဘဲ လိုက်လံ အကူအညီပေးသွားမှာပါ'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်လွင်ဦးက ပြောပြပေးခဲ့ပါတယ်။ အဆိုပါ ရွေ့လျား ရေသန့်စက်မော်တော်ယာဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်အတွင်းရှိ မည်သည့် ဒေသတွင်မဆို သောက်သုံးရေအခက်အခဲဖြစ်ခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် သောက်သုံးရေ အခက်အခဲရှိပါက အချိန်မရွေး သွားရောက် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။ 

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။